ဖေဖော်ဝါရီလဆိုတာ အချစ်တွေ ခြုံလွှမ်းနေတဲ့ လပါ။ ဒီလထဲမှာ ချစ်တဲ့သူတိုင်း မျှော်လင့်စောင့်ဆိုင်းနေကြတဲ့ ချစ်သူများနေ့ကလည်း နီးလာပါပြီ။ ဒီအချိန်မှာ ကိုယ်တန်ဖိုးထားရတဲ့ ချစ်သူအတွက် ဘယ်လို အမှတ် တရပစ္စည်းတွေ ပေးသင့်လဲ ခေါင်းစားနေပြီဆိုရင် သင့်တော်မယ့် အကြံဉာဏ်တွေ ဝေမျှပေးချင်ပါတယ်။
အချစ်ဂုရုတွေက ဗယ်လင်တိုင်းနေ့အတွက် အချစ်ရဆုံးသူကို လက်ဆောင်ပေးမယ်ဆိုရင် သူနဲ့ ကိုယ် ပတ်သက်ခဲ့တဲ့ အချိန်နဲ့ တိုင်းတာပြီး အမှတ်တရ လက်ဆောင်ပေးပါလို့ ဆိုပါတယ်။
သူနဲ့ ကိုယ်က အခုမှ ညှိခါစ၊ ကြူခါစ အချိန်ဆိုရင် တသက်လုံးအတွက် ရည်ရွယ်ပါတယ်ဆိုတဲ့ လက်ဆောင်မျိုးက အသင့်တော်ဆုံးပါ။ အမြဲတမ်း သိမ်းထားလို့ လွယ်ပြီး သတိရတိုင်း ပြန်ထုတ်ကြည့်နိုင်မယ့် 3D ကတ်လေးတွေလို ဖွင့်လိုက်တာနဲ့ အသည်းပုံလေးတွေ၊ ပန်းပုံလေးတွေ ဖြစ်သွားတာမျိုး၊ တသက်လုံး အချစ်တွေတည်မြဲနေမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပန်းအတုတွေကို လှလှပပ တန်ဆာပြင်ဆင်ထားတာမျိုး ပြင်ဆင်ပါ။
ချစ်သူသက်တမ်း ၃ လလောက်ရှိပြီဆိုရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပာယ်ရှိတာမျိုး ရွေးသင့်ပါတယ်။ ၃ လ လောက်ဆို ကိုယ့်အကြိုက်၊ သူ့အကြိုက် တီးမိခေါက်မိပြီမို့ ကိုယ့်ချစ်သူကြိုက်တဲ့ မုန့်လေးတွေကို ရိုမန်တစ်ဆန်ဆန် ထုပ်ပိုးပြင်ဆင်ပြီး ဗယ်လင်တိုင်းလက်ဆောင် ပေးလိုက်ပါ။
ချစ်သူသက်တမ်း ၆ လလောက်ဆိုရင် အမှတ်တရဖြစ်စေမယ့် ခေတ်ပေါ်ဒီဇိုင်း ဆွဲကြိုးလေးတွေနဲ့ အဆင်ပြေပါတယ်။ သူနဲ့ လိုက်ဖက်မယ့် ကြိုက်လောက်မယ့် နောက်ဆုံးပေါ် ဆွဲကြိုးလေးတွေဆိုရင် ချစ်သူသက်တမ်းနဲ့ သင့်တော်ပါတယ်။ ဒီနေရာ တန်ဖိုးကြီးအောင်ဆိုပြီး စိန်လို အဖိုးတန်တာမျိုး မပေးသင့်ပါဘူး။ အဖိုးတန် လက်ဝတ်တန်ဆာမျိုးက ချစ်သက်တမ်းရှည်တဲ့ စုံတွဲတွေပဲ ပေးသင့်တာမျိုးပါ။
ချစ်သူသက်တမ်း ၆ လကျော် ၁၀ လနီးပါးလောက် စုံတွဲတွေဆိုရင် တယောက်နဲ့ တယောက် ဂရုစိုက်ကြောင်း ပြတဲ့အနေနဲ့ ဆောင်းရာသီမှာ နွေးနွေးထွေးထွေး ဖြစ်စေမယ့် လက်အိတ်၊ ခြေအိတ်လေးတွေ ဗယ်လင်တိုင်း လက်ဆောင်ပေးလေ့ ရှိပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်တိုင် ထိုးထားတဲ့ မာဖလာလေးတွေ အမှတ်တရ ပေးကြပါတယ်။
ချစ်သူသက်တမ်း ၁ နှစ် ကျော်ပြီ ဆိုရင်တော့ အမှတ်တရ အဖိုးတန် ကျောက်လည်ဆွဲလေးတွေ ပေးတတ်ပြီး အချစ်ကို သက်သေပြကြသလို၊ ပန်းစည်းတွေထက် အချစ်သင်္ကေတ အပင်လေးတွေလည်း ပေးလေ့ ရှိကြပါတယ်။ ညစာကို ကိုယ်တိုင်ချက်ပြီး ချစ်သူနဲ့နှစ်ယောက် အကောင်းဆုံး အချိန်လေးတွေကို ဖန်တီးကြည့်လို့လည်း ရပါတယ်။
ချစ်သူသက်တမ်း ရှည်ကြာပြီး လက်ထပ်ပြီးခါစ စုံတွဲတွေအတွက်တော့ ဗယ်လင်တိုင်း လက်ဆောင်က အမှန် တကယ်လိုအပ်တဲ့ ပစ္စည်းလေးတွေ ပေးကြပါတယ်။ ကော်ဖီကြိုက်တဲ့ ချစ်သူအတွက် ကော်ဖီစက်၊ အချက်အပြုတ် ဝါသနာပါတဲ့ ချစ်သူအတွက် ဟင်းချက်ပစ္စည်းလေးတွေ လက်ဆောင်ပေးကြသလိုမျိုးပေါ့။
မင်္ဂလာသက်တမ်းကြာတဲ့ စုံတွဲတွေဆိုရင် ကိုယ့်ဇနီး ကြိုက်လောက်မယ့် လက်ကိုင်အိတ်၊ လက်ဝတ်ရတနာတွေနဲ့ တွဲပြီး ပို့စကတ်လေးတွေ ဗယ်လင်တိုင်း လက်ဆောင်ပေးလိုက်ပါ။ ချစ်သူတွေအားလုံး ဗယ်လင်တိုင်းနေ့မှာ အဓိပ္ပာယ်ရှိတဲ့ အမှတ်တရ လက်ဆောင်တွေပေးရင်း ဖြတ်သန်းနိုင်ကြပါစေနော်။
Ref: Reader’s Digest