ဂျာမေကာ နိုင်ငံသားတဦးဟာ ကာရေဘီယံကျွန်းနိုင်ငံတွေရဲ့ အမြင့်ဆုံးဆုကြေးငွေ ဖြစ်တဲ့ သန်းထီဆုကြီးကို ပေါက်ခဲ့ပါတယ်။ ထီပေါက်စဉ်တိုက်ဖို့ အတွက် ၅၄ ရက်ကြာ ကြိုးစားခဲ့ပြီးတဲ့ နောက်မှာတော့ သူထီပေါက်မှန်း သေချာသွားခဲ့တာ ဖြစ်ပါတယ်။
ထီပေါက်တဲ့ ငွေကို လာထုတ်တဲ့အခါမှာ သူဟာ ကမ္ဘာကျော်ရုပ်ရှင်ဖြစ်တဲ့ “Scream” ဇာတ်ကားထဲက မျက်နှာဖုံးကို ဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုဝတ်ဆင်ရခြင်းကတော့ သူ့ရဲ့ ငွေမက်တဲ့ ဆွေမျိုးတွေကြောင့် ဖြစ်တယ်လို့ သူက ပြောဆိုထားပါတယ်။ သူထီပေါက်တာကို ဆွေမျိုးတွေ သိရင် ပိုက်ဆံအတင်းတောင်းကြမယ်ဆိုတာ ကြိုသိနေတဲ့ အမျိုးသားဟာ ထီလာထုတ်တဲ့ အချိန်မှာ သူ့ရဲ့ နာမည်ကို A.Campbell ဆိုတဲ့ လျှို့ဝှက်နာမည်နဲ့ပဲ လာထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပုံမှန်အတိုင်းဆိုရင် သူဟာ ထီပေါက်စဉ်တိုက်တာကို ရုပ်ရှင်ကြည့်ရင်း ပြုလုပ်လေ့ ရှိပြီး ထီပေါက်မှန်းသိသွားတဲ့ ညမှာတော့ ရေချိုးခန်းထဲ ဝင်ပြီး “ငါ ထီပေါက်ပီကွ” လို့ အော်မိတယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲအနေနဲ့ သူဟာ ထီပေါက်တဲ့ ငွေနဲ့ သူ့ရဲ့ မူလအလုပ်အကိုင်ကို ပိုပြီး ကြီးအောင် လုပ်ဖို့ စိတ်ကူးထားပြီး တိုက်ခန်း တခန်းလည်း ဝယ်ဦးမယ်လို့ သူက ဆိုပါတယ်။
ကာရေဘီယံကျွန်းနိုင်ငံတွေမှာ ရာဇဝတ်မှုတွေနဲ့ လုယက်မှုတွေ ပေါများလွန်းတာကြောင့် ထီပေါက်သူတွေဟာ မျက်နှာဖုံးတွေကို ဝတ်ပြီး လာရောက်ထုတ်ယူလေ့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆွေမျိုးနဲ့ သူငယ်ချင်း မိတ်ဆွေတွေကလည်း ငွေအတင်းအကြပ် တောင်းလွန်းတာကြောင့် ဒီလို မျက်နှာဖုံးတွေ ဝတ်ရခြင်းဖြစ်တယ်လို့ ထီပေါက်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ဇွန်လမှာလည်း ထီပေါက်ခဲ့တဲ့ အမျိုးသမီးဟာ Emoji မျက်နှာဖုံးကို ဝတ်ပြီးမှ ထီပေါက်တဲ့ ငွေကိုလာ ရောက်ထုတ်ယူခဲ့ပါသေးတယ်။ ဒီတခေါက် သရဲမျက်နှာဖုံးနဲ့ လာရောက်ထုတ်ယူတဲ့ အမျိုးသားကတော့ ဂျာမေကာပိုက်ဆံ ၁၅၈ သန်း (အမေရိကန်ဒေါ်လာ ၁ ဒဿမ၁၇ သန်း) ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
Ref; dailymail.co.uk