ချစ်သူများနေ့ (Valentine’s Day) ဟာဆိုရင် စုံတွဲတွေအတွက်သာမက ချစ်သူရည်းစားမရှိသူ Single တွေပါ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်တဲ့ နေ့တနေ့ ဖြစ်ပါတယ်။ ချောကလက်တွေ၊ ပန်းစည်းတွေကြားက စုံတွဲတွေရဲ့ ကြည်နူးသာယာမှုတွေကိုကြည့်ပြီး စိတ်အားငယ်နေမယ့်အစား အခုဖော်ပြပေးမယ့် နည်းလမ်းတွေအတိုင်း ပြုလုပ်ပြီး ချစ်သူများနေ့ကို တကိုယ်တည်း ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။
(၁) ချောကလက် ဝယ်စားပါ
ချစ်သူများနေ့မှာ ချောကလက်ကို ကိုယ်ကိုယ်တိုင် ဝယ်မစားရဘူးလို့ ဘယ်သူမှ ပြောမထားပါဘူး။ မိမိကြိုက်နှစ်သက်တဲ့ ချောကလက် အမျိုးအစားကို ကိုယ်တိုင်ရွေးချယ် ဝယ်ယူစားသုံးနိုင်ပါတယ်။ ချောကလက် စားသုံးခြင်းဟာ ဦးနှောက်အတွင်းက Endorphin ဟော်မုန်းတမျိုး ထွက်ရှိလာပြီး ဒီဟော်မုန်းဓာတ်ဟာဆိုရင် သင့်ကို စိတ်ကြည်နူး ပျော်ရွှင်စေမှာပဲ ဖြစ်ပါတယ်။
(၂) ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ အတူတူ ဖြတ်သန်းပါ
ချစ်သူများနေ့မှာ မိမိတယောက်တည်း အထီးကျန်ဆန်ဆန် ဖြတ်သန်းမယ့်အစား မိသားစုဝင် ဒါမှမဟုတ် အခင်မင်ရဆုံး သူငယ်ချင်းတွေနဲ့ အချိန်ပေးပြီး ပျော်ပျော်ရွင်ရွှင် ဖြတ်သန်းခြင်းဟာလည်း စိတ်ခံစားမှုကောင်းတွေကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။
(၃) ကိုယ်ကြိုက်နှစ်သက်ရာတွေ ပြုလုပ်ပါ
သင်ဟာ ဈေးဝယ်ထွက်ရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ချစ်သူများနေ့မှာ မိမိအကြိုက်ဆုံးပစ္စည်းတွေကို ဈေးဝယ်ထွက်တာမျိုးပဲဖြစ်ဖြစ် ၊ အကြိုက်ဆုံးအစားအစာတွေကို သွားရောက် စားသောက်တာမျိုးပဲဖြစ်ဖြစ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
(၄) Spa သွားပါ
ဒီလိုနေ့မျိုးမှာ မိမိအတွက် အကျိုးရှိတာတွေကို ပြုလုပ်ရင်းလည်း ဖြတ်သန်းနိုင်ပါသေးတယ်။ မျက်နှာပေါင်းတင်တာ၊ ခြေသည်းလက်သည်း အလှပြင်တာမျိုးတွေအပြင် ချွေးထုတ်ခန်းသွားတာ၊ အလှပြင်ဆိုင်သွားပြီး မိမိကြိုက်နှစ်သက်တဲ့ ဆံပင်ပုံစံမျိုးပြောင်းလဲတာတွေကို ပြုလုပ်ရင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။
(၅) ရုပ်ရှင်ကြည့်ပါ
မကြည့်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို အိမ်မှာအေးအေးဆေးဆေး ကြည့်ရှုလိုက်ခြင်းက သင့်ကို စိတ်အပန်းပြေစေမှာ ဖြစ်သလို အပြင်မှာ ရှုပ်ယှက်ခတ်နေတဲ့ စုံတွဲတွေကြားမှာ အာရုံနောက်စရာမလိုတော့တာကြောင့် စိတ်ကျေနပ်မှုကိုရရှိစေမှာလည်း ဖြစ်ပါတယ်။
Ref : thoughtcatalog.com