နယ်သာလန်နိုင်ငံက Zundert မှာ ကျင်းပလေ့ရှိတဲ့ ပန်းပွဲတော်ဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံးနဲ့ ခမ်းခမ်းနားနား ကျင်းပတဲ့ ပွဲတော်တခုဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ စက်တင်ဘာ ပထမအပတ် တနင်္ဂနွေနေ့မှာ ကျင်းပလေ့ရှိပြီး ၁၉၃၆ ခုနှစ်ကတည်းက ကျင်းပလာခဲ့တာပါ။
ဒီပွဲတော်ကြီးကို အခုလို အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့အတွက် ပန်းအလှဆင်တာနဲ့ လှည့်လည် ဖျော်ဖြေပွဲတွေ ဆောင်ရွက်ကြရာမှာတော့ Zundert ပတ်ဝန်းကျင်မှာရှိတဲ့ ရွာပေါင်း ၂၀ လောက်က လုပ်အားပေးအနေနဲ့ အခမဲ့ ဆောင်ရွက်ပေးပါတယ်။ Zundert ဟာ အမ်စတာဒမ်မြို့နဲ့ ၈၄ မိုင်ဝေးပြီး ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး (Vincent van Gogh) မွေးဖွားခဲ့ရာ ဒေသတခုပါ။
Zundert ကို ရောက်ရင်တော့ ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး နေထိုင်ခဲ့တဲ့ နေအိမ်ကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။ ဒီပွဲတော်မှာ ပြသကြတဲ့ အရုပ်မျိုးစုံဟာ ၉ မီတာမြင့်ပြီး ၁၉ မီတာလောက်အထိ ရှည်လျားပါတယ်။ ပွဲတော်မှာ ထည့်သွင်းပြသကြတဲ့ အရုပ်မျိုးစုံတွေအတွက်လည်း ပြိုင်ပွဲတွေစီစဉ်ပေးထားပါတယ်။
ဒါကြောင့်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ရွာတွေဟာ ဒီပန်းပွဲတော်အတွင်းမှာ ဆုရဖို့အတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ မိမိတို့အရုပ်တွေကို အလှဆင်ကြပါတယ်။လှပတဲ့ အရုပ်တရုပ် ဖြစ်နိုင်ဖို့အတွက် ဆိုရင်တော့ ပန်းပေါင်း သန်းနဲ့ချီ အသုံးပြုရပြီး လူအင်အား အနေနဲ့ကလည်း ၁၀၀ ကျော် အသုံးပြုရပါတယ်။
Zundert ပန်းပွဲတော် ကျင်းပနေချိန်မှာတော့ လာရောက် လည်ပတ်ကြသူတွေအတွက် ဖျော်ဖြေပွဲမျိုးစုံ စီစဉ်ပေးထားပြီး ဒေသခံ ဘီယာဘားတွေနဲ့ စားသောက်ဆိုင်တွေကလည်း သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးလေ့ ရှိကြပါတယ်။
Ref : tulipfestivalamsterdam