ကလေးတွေဟာ ထိန်းကျောင်းရအခက်ဆုံးလို့ ပြောရင်မှားမယ် မထင်ပါဘူး။ ယနေ့ခေတ်မှာ ကလေးတွေ အနေနဲ့ ဆိုရှယ်မီဒီယာတွေကို အသုံးပြုလာခြင်းနဲ့ မိဘနဲ့ အနေမနီးတာတွေကြောင့် လူကြီးတွေရဲ့ ပြောစကားတွေကို ကလေးတွေက ကလန်ကဆန် ပြုလုပ်တာတွေ ရှိလာပါတယ်။ ဒါကြောင့် ဒီတခါမှာ သင့်စကားကို သင့်ကလေး အမြဲနားထောင်အောင် ဘာတွေလုပ်သင့်တယ် ဖော်ပြပေးချင်ပါတယ်။
(၁) အရမ်း အလိုမလိုက်ပါနဲ့
သင့်မှာလည်း တနေ့လုံး အလုပ်တွေလုပ်ပြီး ပင်ပန်းနေမှာကို နားလည်ပါတယ်။ ကလေးက အော်နေတာ ရပ်ရင်ပြီးရော ဆိုပြီး အလိုလိုက်တာတွေကို ရှောင်ဖို့ ပြောချင်ပါတယ်။ ဒီလို မဟုတ်ဘဲ သင်မအားတာကို မသိရကောင်းလားဆိုပြီး ကလေးကို ဒေါသတကြီး အော်ဟစ်တာတွေကိုလည်း ရှောင်သင့်ပါတယ်။ သင်ဒေါသကြီးတာကို ကြည့်ပြီး သင့်ကလေးကလည်း ဒေါသကြီးတဲ့ လူကြီးတယောက်အဖြစ် ကြီးပြင်းသွားနိုင်ပါတယ်။
(၂) ရှင်းပြပါ
တကယ်လို့ သင်ကလေးဟာ အမြဲ အလိုမကျတဲ့ ပုံစံဖြစ်နေပြီး ဒေါသတွေကြီးနေတယ်၊ သင်ပြောတဲ့ စကားတွေလည်း နားမထောင်ဘူးဆိုရင် သင့်ဖက်က တလှမ်းလျော့ဖို့ လိုလာပါပြီ။ ကလေးဟာ သင်နဲ့ သက်တူရွယ်တူ မဟုတ်တဲ့ အတွက် တခါတရံမှာ ကလေးဆန်ဆန် အချစ်ခံချင်တာ၊ ချွဲနွဲ့ချင်တာတွေ ရှိတတ်တယ်ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။
သင့်ကလေးကို ပွေ့ဖက်ခြင်းနဲ့ ချစ်ခြင်းကို ပြသတဲ့ အမူအရာတွေ ပြဖို့ လိုပါတယ်။ သူတို့ကို သင်ချစ်ပါတယ်ဆိုတဲ့ အကြောင်းကို နားဝင်အောင် ပြောပြပြီးရင် သင့်ဖက်က ဖြစ်စေချင်တဲ့ အကြောင်းလေးတွေကို ရှင်းပြလို့ ရပါပြီ။
(၃) စည်းကမ်း သတ်မှတ်ပါ
ကလေးတွေဟာ လူကြီးတွေလို နားလည်မှု မရှိဘူး ဆိုတာကို သိထားပါ။ တခုခုဆိုရင် မိဘရဲ့ မျက်နှာရိပ်မျက်နှာကဲကိုလည်း မကြည့်တတ်ပါဘူး။ ဒါတွေကို ရှင်းပြပြီး စည်းကမ်းတွေ သင်ကိုယ်တိုင် သတ်မှတ်ထားဖို့ လိုပါတယ်။ “ဒီလို လုပ်ရင် မေမေ မကြိုက်ဘူး။ တော်ပြီ။ နောက်တခါဆို အပြစ်ပေးမယ်နော်” စသဖြင့် သူတို့ကို နားဝင်အောင် ပြောဖို့ လိုပါတယ်။
(၄) သူတို့ အားကျရသူ ဖြစ်ပါစေ
သင့်ကလေးက သင့်ကို အမြဲကြည့်ပြီး အတုယူနေတယ်ဆိုတာကို သိထားပါ။ သင့်ပြုမူတဲ့ အရာတွေ အကုန်လုံးကို သူတို့က လိုက်ပြီး လုပ်တတ်လို့ သင့်ဖက်က ဆင်ခြင်ပြီး နေစရာတွေ အများကြီး ရှိပါတယ်။ စကားပြောတဲ့အခာ ရိုင်းစိုင်းတဲ့ စကားတွေ မပြောမိဖို့နဲ့ မာမာထန်ထန် မပြောမိဖို့ကလည်း အရေးကြီးပါတယ်။ သင့်ကလေးက အားကျအတုယူရတဲ့ သူတယောက်ဖြစ်အောင် သင့်ကိုယ်သင် ဂရုတစိုက် ပြုမူနေထိုင်ဖို့ အကြံပြုချင်ပါတယ်။
Ref : lifehack