နေ့စဉ်နဲ့အမျှ သုံးစွဲနေကြရတဲ့ ငွေစက္ကူတွေ မသန့်ရှင်းတဲ့အကြောင်းကို သိကြပေမယ့် ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ပိုးမွှားအရေအတွက် အသေးစိတ်ကို သိရှိသွားခဲ့ရင် ပိုအံ့သြသွားပါလိမ့်မယ်။ ကမ္ဘာတဝန်းက လေ့လာချက်တွေရဲ့ ဖော်ပြချက်အရ ငွေစက္ကူပေါ်မှာ လူကို အန္တရာယ်ဖြစ်စေတဲ့ ပိုးမွှားအမျိုးအစားနဲ့ အရေအတွက် အလွန် များပြားတာကို တွေ့ရှိခဲ့ကြပါတယ်။
လေ့လာတွေ့ရှိခဲ့တဲ့ ပိုးမွှားတွေက ကိုင်တွယ် သုံးစွဲနေကြသူတွေကို ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေ ကူးစက်စေမလဲ။ ပညာရှင်တွေကတော့ ကမ္ဘာတဝှမ်းမှာ သုံးစွဲနေတဲ့ ငွေစက္ကူတွေကို လေ့လာခဲ့ရာ ဘဏ်တွေကနေ တိုက်ရိုက်ထုတ်ပေးလိုက်တဲ့ ငွေစက္ကူအသစ်တွေမှာတော့ လူကို ဒုက္ခပေးနိုင်တဲ့ ပိုးမွှားအရေအတွက် အကောင် ၅၀ လောက်ပဲ ရှိလို့ သန့်ရှင်းတယ်လို့ သတ်မှတ်ပါတယ်။
ဒါပေမယ့် ဘက်တီးရီးယား အများဆုံး ငွေစက္ကူကိုတော့ ဟင်းသီးဟင်းရွက်၊ အသား ငါးဈေးထဲက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဈေးထဲက ငွေစက္ကူ တရွက်ပေါ်မှာ ဘက်တီးရီးယား အရေအတွက် ၄၈၀၀၀ ကျော် လောက် ရှိပြီး ဒါဟာ ဘဏ်ကနေ အသစ်စက်စက် ထုတ်ပေးလိုက်တဲ့ ငွေစက္ကူထက် အဆပေါင်း ၁ ထောင်ကျော်လောက် ညစ်ပတ်နေတာပါ။
ဆေးရုံပေါ်မှာ သုံးစွဲနေတဲ့ ငွေစက္ကူမှာတော့ ဘက်တီးရီးယား အကောင်အရေအတွက် ၁ ထောင်ကျော်လောက် တွေ့ရပြီး မုန့်ဈေးတန်းက ငွေစက္ကူတွေမှာတော့ ဘက်တီးရီးယား ၃၅၀၀ ကျော်လောက် ရှိပါတယ်။ ငွေစက္ကူတွေပေါ်မှာ တွေ့ရတဲ့ ဘက်တီးရီးယား အများစုကတော့ အီကိုလိုင်း၊ စတက်ဖလိုကိုးကပ်စ် ဘက်တီးရီးယား၊ အန်တီရိုဘတ်တား စတာတွေကို အများဆုံး တွေ့ရပါတယ်။
အီကိုလိုင်း ရောဂါပိုးကတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပြီး စတက်ဖလိုကိုးကပ်စ် ဘက်တီးရီးယားကတော့ ဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်စေပါတယ်။ တခြားရောဂါပိုးတွေကတော့ လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ပြင်ပရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်နိုင်တဲ့ ဆိုးကျိုးတွေ ရှိပါတယ်။
ဒါကြောင့် နေ့စဉ် သုံးစွဲနေရတဲ့ ငွေစက္ကူတွေကို ကိုင်ပြီးတာနဲ့ စနစ်တကျ လက်ကို သန့်စင် ဆေးကြောပါ။ လက်ကို ချက်ချင်းဆေးလို့ မရသေးရင် Hand Gel နဲ့ ဆေးပါ။ ငွေစက္ကူ ကိုင်ထားတဲ့လက်ကို မသန့်စင်ရသေးဘဲ အစားအသောက် မစားသင့်သလို မျက်နှာနဲ့ ကိုယ်ခန္ဓာကိုလည်း ထိတွေ့မှု မရှိအောင် ရှောင်ပါ။
Ref: Emma Deangela