၁၉၁၂ခုနှစ်မှာ နစ်မြုပ်ပျက်စီးသွားခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောကြီးနဲ့ လိုက်ပါစီးနင်းခဲ့တဲ့ ခရီးသည်တော်တော်များများ ကံဆိုးမိုးမှောင်ကျခဲ့ကြရတဲ့ ဖြစ်ရပ်ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒါနဲ့ တဆက်တည်းမှာပဲ ၁၉၉၇ ခုနှစ်မှာ ဒါရိုက်တာ James Cameron က ရိုက်ကူးထားပြီး မင်းသား Leonardo Dicaprio နဲ့ မင်းသမီး Kate Winslet တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Titanic ရုပ်ရှင်ဇာတ်ကားကိုလည်း အမှတ်ရကြဦးမယ်ထင်ပါတယ်။
သင်္ဘောကြီးပေါ်က Jack နဲ့ Rose တို့ရဲ့ အချစ်ပုံပြင်ဟာ တကယ့် အဖြစ်အပျက်တခုတော့ မဟုတ်ခဲ့ပေမယ့် သင်္ဘောနစ်မြုပ်သွားတဲ့ အကြောင်းအရင်းတွေကတော့ အချက်အလက် မှန်ကန် တိကျတဲ့အတွက် စိတ်ဝင်စားစရာ ကောင်းခဲ့တာပဲ ဖြစ်ပါတယ်။
မူလ တိုက်တန်းနစ် သင်္ဘောကြီးအတိုင်း ပြန်လည် ဆောက်လုပ်ဖန်တီးထားတဲ့ Titanic 2 ကို လာမယ့် ၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်သွားတော့မှာဖြစ်တယ်လို့ Time မဂ္ဂဇင်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ ၁၉၁၂ ခုနှစ်မှာ နစ်မြုပ်သွားခဲ့တဲ့ တိုက်တန်းနစ်သဘောြင်္ကီးရဲ့ ပုံစံအတိုင်း အတိအကျ ဆောက်လုပ်မှာဖြစ်ပေမယ့် တချို့သော အရာတွေကိုတော့ ခေတ်မှီပစ္စည်းတွေသုံးစွဲပြီး မြှင့်တင်ဆောက်လုပ်သွားမှာပဲဖြစ်ပါတယ်။
ပြန်လည်ဆန်းသစ်ထားတဲ့ Titanic 2 မှာဆိုရင် မူလတိုက်တန်းနစ်မှာ လိုက်ပါခဲ့တဲ့ ခရီးသည်နဲ့ ဝန်ထမ်းအရေအတွက်အတိုင်း ခရီးသည်ပေါင်း ၂၄၀၀ ခန့်နဲ့ သင်္ဘောဝန်ထမ်းပေါင်း ၉၀၀ ခန့် စီးနင်းနိုင်မှာပဲဖြစ်တယ်လို့ USA today မှာ ဖော်ပြထားပါတယ်။
Titanic 2 ရဲ့ ခရီးစဉ်ဟာဆိုရင်တော့ Dubai ကနေစတင်မှာဖြစ်ပြီး Southampton မှာ အဆုံးသတ်မှာပဲဖြစ်ပါတယ်။ မူလတိုက်တန်းနစ် သင်္ဘောရဲ့ လမ်းကြောင်းဖြစ်တဲ့ မြောက်အတ္တလန္တိတ်တခုတည်းကိုပဲဖြတ်ပြီးသွားမှာမဟုတ်ဘဲ တကမ္ဘာလုံးကို ဖြတ်သန်းမယ့် ပင်လယ်ခရီးပဲဖြစ်ပါတယ်။
လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေဟာ ခရီးစဉ်တလျှောက်မှာ အတိတ်ကဖြစ်ရပ်နဲ့ သမိုင်းဝင်အခိုက်အတန့်တွေကနေ စိတ်သက်သာရာရစေဖို့အတွက် ရည်ရွယ်ကာ အဆင့်မြှင့်တင် ဆောက်လုပ်သွားမှာပဲဖြစ်ပါတယ်။
Blue Star Line ကုမ္ပဏီကနေ ၂၀၁၅ခုနှစ်လောက်ကတည်းက ဒီဇိုင်းရေးဆွဲ စတင်ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ BBC ရဲ့ ဖော်ပြချက်တွေအရ သိရပြီး ဘယ်အချိန်မှာ လိုက်ပါစီးနင်းဖို့အတွက် လက်မှတ်တွေ ဝယ်ယူနိုင်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
Ref : www.storypick.com