မျက်စိအမြင်အာရုံပျောက်ကွယ်နေတဲ့ ဇနီးသည်အတွက် ထောင်ပေါင်းများစွာသော ရနံ့မွှေးကြိုင်တဲ့ ပန်းတွေကို စိုက်ပျိုးပေးခဲ့တဲ့ ဂျပန်အမျိုးသား Toshiyuki ရဲ့အကြောင်းဟာ လတ်တလောမှာတော့ ဆိုရှယ်မီဒီယာတွေမှာ ရေပန်းစားနေတဲ့အပြင် သူ့ဇနီးသည်အတွက် စိုက်ပျိုးပေးခဲ့တဲ့ ပန်းခင်းကြီးထဲကိုလည်း သွားရောက်လည်ပတ်သူတွေ များပြားနေပါတယ်။
မျက်စိမမြင်ရတော့တဲ့ ဇနီးသည်အပေါ် သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကို ပြသရာရောက်နေတဲ့ ဒီပန်းခင်းကြီးမှာ ဆိုရင်တော့ ထောင်ပေါင်းများစွာသော အရောင်စုံပန်းပွင့်တွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။
Toshiyuki နဲ့ Yasuko Kuroki တို့ ဇနီးမောင်နှံဟာ လက်ထပ်ခဲ့ကြတာ နှစ်ပေါင်း ၃၀ ခန့်ရှိနေပြီပဲ ဖြစ်ပါတယ်။ တဦးနဲ့တဦးချစ်ခင်ကြင်နာကြတဲ့ သူတို့ဇနီးမောင်နှံဟာ လယ်ယာလုပ်ငန်းကို သူတို့ရဲ့ဘဝတလျှောက် တူတူလုပ်ကိုင်ခဲ့ကြပြီး ဇနီးသည်ဖြစ်သူ Yasuko ဟာ ဆီးချိုရောဂါကြောင့် အမြင်အာရုံတွေ ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။
မျက်စိအမြင်အာရုံ ပျောက်ကွယ်သွားတာကြောင့် စိတ်ဓာတ်ကျဆင်းပြီး စိတ်ကျရောဂါခံစားနေရတဲ့ ဇနီးသည် ကိုကြည့်ပြီး Toshiyuki ဟာ အကြံဉာဏ်ကောင်းတခုကို ရရှိခဲ့ပါတယ်။ မျက်စိမမြင်ရပေမယ့် ပန်းတွေရဲ့ရနံ့ကို ရှုရှိုက်မိစေဖို့အတွက် Shibazakura လို့ခေါ်တဲ့ ရနံ့မွှေးကြိုင်ပြီး အရောင်အသွေးစုံလင်လှပတဲ့ ပန်းတွေကို သူတို့ရဲ့အိမ်အနီးတဝိုက် လယ်ကွင်းထဲမှာ စိုက်ပျိုးပြီး ဇနီးသည်ကို စိတ်ကြည်လင်ပျော်ရွင်အောင် လုပ်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။
Toshiyuki ကြိုးစားပြီးစိုက်ပျိုးခဲ့တဲ့ ထောင်ပေါင်းများစွာသောပန်းတွေဟာ မတ်လနဲ့ ဧပြီလရောက်တိုင်း ဖွေးဖွေးလှုပ်အောင်ပွင့်ဖူးကြပြီး အိမ်အနီးအနားတဝိုက်မှာ ပန်းရောင်ကော်ဇောတချပ်ခင်းထားသလို လှပပြီး ရနံ့သင်းပျံတာကြောင့် ပန်းတွေပွင့်တဲ့ရာသီရောက်တိုင်း ကမ္ဘာလှည့်ခရီးသည် ပေါင်း ၇၀၀၀ ခန့်ဟာ နှစ်စဉ်နဲ့အမျှ လာရောက်လည်ပတ်လေ့လာနေကြတာပဲ ဖြစ်ပါတယ်။
Toshiyuki တို့ ဇနီးမောင်နှံဟာ လက်ရှိအချိန်မှာတော့ အသက် ၇၀ ကျော်ခန့်ရှိနေပြီပဲ ဖြစ်ပါတယ်။ စတင်စိုက်ပျိုးချိန်ကနေစပြီး လက်ရှိအချိန်ထိတိုင် နှစ်ပေါင်း ၂၅ ကြာ ဖူးပွင့်ရှင်သန်နေခဲ့ကြတဲ့ ပန်းတွေနဲ့ ဇနီးသည်ကို စိတ်ချမ်းမြေ့စေခဲ့တာကြောင့် ဂျပန်နိုင်ငံရဲ့ ပန်းပြတိုက်တခုအဖြစ် နာမည်ကြီးထင်ရှားလာခဲ့တဲ့အပြင် အံ့အားသင့်စရာ ချစ်ခြင်းမေတ္တာတွေကြောင့်လည်း ပြောစမှတ်ပြုနေကြတာပဲ ဖြစ်ပါတယ်။
Ref. www.goodnewsnetwork.org