ဉာဏ်ကောင်းသူတွေဟာ သာမန်လူတွေထက် ပိုမိုပျင်းရိလေ့ရှိကြောင်း လေ့လာတွေ့ရှိ
စိတ်ပညာရှင်တွေရဲ့ သုတေသနလေ့လာချက်တွေအရ ဉာဏ်ကောင်းပြီး ဖန်တီးနိုင်စွမ်းမြင့်မားသူတွေဟာ သာမန်လူတွေထက် ပိုမိုပျင်းရိလေ့ရှိကြတယ်လို့ ဆိုပါတယ်။ အံအားသင့်စရာကောင်းတဲ့ လေ့လာတွေ့ရှိချက် တခုဖြစ်တာကြောင့် ယုံနိုင်စရာတော့မရှိပေမယ့် စိတ်ပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေကတော့ ဒီလေ့လာတွေ့ရှိချက်ဟာ အမှန်တကယ်ဖြစ်တယ်ဆိုတာကို သုတေသန အထောက်အထားပေါင်းများစွာနဲ့ ဖွင့်ဆိုရှင်းလင်းခဲ့ကြပါတယ်။
ဉာဏ်ပိုကောင်းပြီး IQ မြင့်မားသူတွေဟာ ဦးနှောက်ရဲ့စွမ်းအင်ကို ပိုမိုအသုံးပြုရတာကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှု အပိုင်းမှာ ပိုမိုပျင်းရိကြတာပဲဖြစ်ပြီး သူတို့ဟာ ဦးနှောက်နဲ့တွေးခေါ်ပြီးလုပ်ရတဲ့ ကိစ္စတွေကိုတော့ အလွယ်တကူ ပျင်းရိသွားခြင်းမရှိကြပါဘူး။ လွယ်လွယ်ကူကူပြောရမယ့်ဆိုရင်တော့ လူကပျင်းပေမယ့် ဦးနှောက်ကတော့ မပျင်းဘူးဆိုတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
သာမန်အားဖြင့် တက်တက်ကြွကြွရှိသူတွေကတော့ စဉ်းစားတွေးတောရတဲ့ကိစ္စတော်တော်များများကို အချိန်ကြာကြာ ပြုလုပ်နိုင်ခြင်းမရှိတာကြောင့့် ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။
ဒီသုတေသနလေ့လာချက်ကို အတည်ပြုဖို့အတွက် စိတ်ပညာရှင်တွေနဲ့ လေ့လာသူတွေဟာ အထက်တန်း ကျောင်းသား အယောက် ၆၀ ခန့်ကို အုပ်စု ၂ စုခွဲကာ သုတေသနပြုလုပ်ခဲ့ကြပါတယ်။
သာမန်ထက်ပိုပြီး စဉ်းစားတွေးခေါ်ချင်တဲ့ လူအယောက် ၃၀ နဲ့ သာမန်လောက်သာ စဉ်းစားချင်တဲ့ လူအယောက် ၃၀ ခန့်ကို နှိုင်းယှဉ်ပြီး သုတေသနပြုလုပ်ခဲ့ကြရမှာ စဉ်းစားတွေးခေါ်မှုအားကောင်းသူတွေဟာ သာမန်လောက်သာ စဉ်းစားချင်သူတွေထက် ခန္ဓာကိုယ်လှုပ်ရှားမှု အားနည်းကြတဲ့အပြင် စဉ်းစားတွေးခေါ်တဲ့အလုပ်တခုတည်းကိုသာ အာရုံစိုက်ကြတာကြောင့် ကျန်တဲ့ ဗာဟီရကိစ္စအတော်များများကို လစ်ဟင်းသွားတတ်ကြတာကိုလည်း တွေ့ရှိခဲ့ကြရပါတယ်။
ဒီသုတေသနလေ့လာချက်ဟာဆိုရင်တော့ ဉာဏ်ပိုကောင်းကြသူတွေရဲ့ ကိုယ်လက်လှုပ်ရှားအားနည်းမှုနဲ့တခြားသော ကိစ္စတွေကို စိတ်ဝင်စားမှုအားနည်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအကျိုးဆက်တွေနဲ့ လူမှုကိစ္စတွေကို ထောက်ပြထားတဲ့အပြင် ဒီလူတွေဟာ အမှန်တကယ်ပျင်းရိကြသူတွေတော့ မဟုတ်ဘဲ ဦးနှောက်စွမ်းအင်ကို ပိုမိုအသုံးချရခြင်းကြောင့်သာ ဖြစ်ကြောင်းကို ဖွင့်ဆိုရှင်းလင်းပြသခဲ့ကြပါတယ်။
Ref. www.independent.co.uk