တာဝန်ယူလိုစိတ်ရှိတဲ့ မိဘတွေဟာ ကလေးတွေကို အောင်မြင်ပျော်ရွှင်တဲ့ ဘဝရဖို့ ဘာမဆိုလုပ်ပြီး ပြုစုပျိုးထောင်လေ့ ရှိပါတယ်။ ဒါပေမယ့် တခါတရံမှာ သူတို့လည်း အမှားတွေကို လုပ်မိတတ်ပါတယ်။ တချို့အမှားတွေဟာ မိဘတွေဖက်က ရည်ရွယ်ပြီး ပြုလုပ်တာမျိုးမဟုတ်ပေမယ့် ကလေးတွေရဲ့ ဘဝကို သက်ရောက်မှုအကြီးကြီး ရှိတာမျိုးတွေ ရှိတတ်ပါတယ်။ တချို့ကိစ္စတွေဟာ အသက်ကြီးတဲ့အထိ သက်ရောက်မှုရှိတတ်တာမို့ မိဘတွေအနေနဲ့ ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
(၁) ချစ်ခင်တာကို မပြသခြင်း
ကလေးငယ်တွေအတွက် အရေးအကြီးဆုံးက သူတို့ရဲ့ မိဘနှစ်ပါးပဲ ဖြစ်ပါတယ်။ မိဘတွေရဲ့ ချစ်ခင်မှုကို မခံရတဲ့ ကလေးတွေဟာ သူတို့ကိုယ်သူတို့ တန်ဖိုးထားလေ့ မရှိဘူးလို့ သိရပါတယ်။ အချစ်မခံရတဲ့ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ရဲ့ သားသမီးတွေကိုလည်း သူတို့ ဆက်ဆံခံခဲ့ရတဲ့ ပုံစံအတိုင်း ပြန်လည်ပြုလုပ်တတ်ကြပါတယ်။ တချို့တွေက သူတို့ မလှလို့ မိဘတွေက မချစ်တာဖြစ်နိုင်တယ်လို့ ယူဆပြီး ပိုမိုလှပအောင် ခွဲစိတ်ပြုပြင်တာတွေ ရှိတတ်ပါသေးတယ်။
(၂) ထိန်းချုပ်လွန်းခြင်း
မိဘတွေဟာ သားသမီးတွေကို ဘာလုပ်ပါ၊ ညာလုပ်ပါနဲ့ အမြဲ ထိန်းချုပ်တတ်ကြပါတယ်။ ငယ်ရွယ်လွန်းတဲ့ အရွယ်မှာ ကိစ္စမရှိပေမယ့် ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်တဲ့ အရွယ်တွေမှာ သူတို့ကို အရမ်း ထိန်းချုပ်ထားရင် အသက်ကြီးလာတဲ့ အခါ စိတ်ပိုင်းဆိုင်ရာ မဖွံ့ဖြိုးဘဲ အမြဲ မှီခိုတတ်တဲ့ အကျင့်တွေပါလာတတ်တယ်လို့ သိရပါတယ်။ သူတို့ဟာ အသက်ကြီးလာတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသူတွေအဖြစ် ကြီးပြင်းလာလေ့ ရှိကြပါတယ်။
(၃) ဆုံးဖြတ်ချက်ချခွင့် မပေးခြင်း
မိဘတွေက ကလေးတွေကို နေရာတကာ လိုက်ပြီး ဆုံးဖြတ်ပေးနေတာဟာ မကောင်းတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ မိဘတွေ မရှိတော့ရင် ကလေးတွေဟာ လောကမှာ တယောက်တည်း ကျန်ခဲ့ရမှာဖြစ်လိ့ု အမှီအခိုကင်းကင်းနဲ့ နေနိုင်အောင် ပြုစုပျိုးထောင်ပေးသင့်တာပါ။ ဆုံးဖြတ်ချက် ကိုယ်တိုင်ချခွင့် မရှိခဲ့တဲ့ ကလေးဟာ ပြဿနာတွေကို ကိုယ်တိုင်ကြုံတွေလာရတဲ့အခါ တယောက်ယောက်ကို အမြဲအားကိုး ရှာနေတတ်ပါတယ်။ သူတို့ဘာကို လိုချင်တယ်ဆိုတာ မသိတဲ့အတွက် လောကအလယ်မှာ မျက်စိသူငယ်၊ နားသူငယ်နဲ့ အမြဲဖြစ်နေရပါလိမ့်မယ်။
(၄) ရန်ဖြစ် စကားများခြင်း
ကလေးရဲ့ အရှေ့မှာ ရန်ဖြစ်စကားများတာတွေ ရှိရင် ကလေးတွေဟာ သူတို့ကိုယ် သူတို့ အပြစ်ရှိသူတွေလို ခံစားလာတတ်ကြပါတယ်။ လူကြီးတွေရဲ့ ပြဿနာကို သူတို့ နားမလည်နိုင်လို့ သူတို့ကိုယ် သူတို့သာ မှားနေတယ်လို့ ထင်တတ်ကြတာပါ။ အသက် ကြီးလာတဲ့အခါ သူတို့ဟာ သူများတွေကို အနိုင်ကျင့်သူတွေ ဖြစ်လာတတ်ပါတယ်။ အမျိုးသမီးတွေဆိုရင် သူတို့ဖခင် ပြုလုပ်သလို သူတို့ရဲ့ ချစ်သူ၊ ခင်ပွန်းတွေက ပြုလုပ်မှာ စိုးတာကြောင့် ချစ်သူ ခင်ပွန်းတွေကို အနိုင်ယူလေ့ ရှိကြပါတယ်။ ပြဿနာတွေရဲ့ အကျိုးဆက်ကို သိရက်နဲ့ ပြဿနာတွေကို ဖန်တီးလေ့ ရှိကြသူတွေအဖြစ် ကြီးပြင်းလာလေ့ရှိတယ်လို့ သိရပါတယ်။
Ref : brightside