သမီးရည်းစားတွေ အိမ်ထောင်ရှင်တွေဆိုတာ လူနှစ်ဦးရဲ့ ခံစားချက်ကို အခြေပြုထားရတဲ့ ဆက်ဆံရေးဖြစ်လို့ စကားများရန်ဖြစ်တာတွေတော့ ရှိမှာပါပဲ။ ရန်ဖြစ်တဲ့ အချိန်မှာ တဖက်သားကို နာကြင်အောင် စကားနဲ့ ပြောမိတာတွေ ရှိတတ်ပါတယ်။
အခုဖော်ပြပေးမယ့် အချက်တွေက ရန်ဖြစ်နေတဲ့အချိန်မှာ ရှောင်ကြဉ်ရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။
(၁) မိသားစုဝင်တွေကို ဆွဲမထည့်ပါနဲ့
စကားများရန်ဖြစ်တယ်ဆိုတာ သင်တို့ နှစ်ယောက်ကြားက ကိစ္စဖြစ်ပါတယ်။ မိဘနဲ့ ဆွေမျိုးတွေကို တိုင်တာဟာ ကြီးမားတဲ့ မိသားစု ပြဿနာတွေကို ဦးတည်စေပါတယ်။ သင်တို့နှစ်ယောက်ညှိုနှိုင်းပြီး အဆင်ပြေသွားကြတဲ့ အချိန်မှာ မိသားစုဝင် တွေက ရန်ဖြစ်ခဲ့တဲ့ ကိစ္စကို မှတ်ထားပြီး သင့်ရဲ့ လက်တွဲဖော်ကို အမြင်မကြည်တာတွေ ဖြစ်တတ်ပါတယ်။
(၂) လက်မပါ ပါနဲ့
ရန်ဖြစ်တဲ့ အချိန်ဟာ လူတွေရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ အပေါ်လွင်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ စိတ်တိုနေစေဦးတော့ သင်ကိုယ်တိုင်ရော သင့်ရဲ့ လက်တွဲဖော်ပါ လက်မပါဖို့ လိုပါတယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးဟာ လူတဖက်သားကို အချစ်လျော့စေပါတယ်။ ဒါ့အပြင် သင့်ကို တဖြည်းဖြည်း ရှောင်လာနိုင်ပါတယ်။
(၃) ပြတ်ဆဲမယ့်အကြောင်း မပြောပါနဲ့
ရန်ဖြစ်စကားများတိုင်း ပြတ်မယ်လို့ ပြောခြင်းဟာ သင့်ရဲ့ လက်တွဲဖော်ကို စော်ကားနေသလိုပါပဲ။ ဒီလို ပြောခြင်းဟာ သင့်ရဲ့ လက်တွဲဖော်ကို စိတ်ထိခိုက်စေပါတယ်။ မကြာခဏ ပြတ်ဆဲမယ် ပြောရင်းကနေ အမှန်တကယ် ပြတ်ဆဲဖို့အထိ ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ လက်တွဲဖော်ကို အမှန်တကယ် ချစ်တယ်ဆိုရင် ပြတ်ဆဲမယ်ဆိုတဲ့ စကားကို မပြောမိဖို့ သတိထားပါ။
(၄) ထွက်မသွားပါနဲ့
ရန်ဖြစ်နေရင်းနဲ့ တနေရာကို ထထွက်သွားတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ တယောက်တည်း နေချင်ရင် နေလို့ ရပေမယ့် သင့်လက်တွဲဖော်နဲ့ အနီးဆုံးမှာသာ နေပါ။ အိမ်ကနေ ထထွက်သွားတာ၊ ထွက်ပြေးတာ၊ စကားကို တဝက်တပျက်ထားခဲ့ တာဟာ သင့်လက်တွဲဖော်ကို ဝမ်းနည်းစေတတ်သလို သင့်ကိုလည်း ရင့်ကျက်တဲ့သူ မဟုတ်ဘူးလို့ ထင်သွားနိုင်ပါတယ်။ ပြဿနာကို တခါတည်း ပြီးအောင်ဖြေရှင်းဖို့ အကြံပေးချင်ပါတယ်။
(၅) ဘယ်တော့မှ အိပ်ရာခွဲမအိပ်ပါနဲ့
ရန်ဖြစ်တဲ့ အချိန်တွေမှာ အိပ်ရာခွဲအိပ်ဖို့ ဆုံးဖြတ်တာဟာ ပြန်အဆင်မပြေချင်ဘူးဆိုတဲ့ သဘောကို သက်ရောက် စေပါတယ်။ စကားမပြောဖြစ်ဦးတော့ အိပ်ရာအတူတူပဲ အိပ်သင့်ပါတယ်။ အိပ်ရာအတူတူအိပ်ခြင်းကြောင့် ကောင်းကျိုးတွေ ရလာနိုင်တာကို မမေ့ပါနဲ့။
နောက်ထပ်အရေးကြီးတာ တခုကတော့ လူမြင်ကွင်းမှာ ရန်မဖြစ်ဖိုပါပဲ။ လူမြင်ကွင်းမှာ ရန်ဖြစ်တာဟာ သင်တို့ နှစ်ယောက် တယောက်ကို တယောက် မလေးစားသလို ဖြစ်တဲ့ အပြင် ပတ်ဝန်းကျင်က လူတွေကိုလည်း မလေးစာရာရောက်ပါတယ်။
Ref;brightside