ဆက်ဆံရေးတွေ အားလုံးဟာအချိန်နဲ့ အမျှ ပြောင်းလဲနေတတ်တဲ့ အရာဖြစ်ပါတယ်။ အတူတူရှိတာ အချိန်ကြာလာတာနဲ့ အမျှ တယောက်ကို တယောက် စိတ်ပျက်ဖို့ ပိုပြီး လွယ်ကူလာပါတယ်။ အဲဒီထဲက တချို့အချက်တွေဟာ အမှန်တကယ် ထိတ်လန့်တုန်လှုပ်စရာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီတခါမှာ ချစ်မိတဲ့ အခါ မလွဲမသွေ ကြုံတွေ့ရမယ့် ရက်စက်ခြင်းတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) ယုံကြည်မှုဟာ ချိုးဖျက်လွယ်ပါတယ်
သမီးရည်းစား အိမ်ထောင်သည်တွေကြားမှာ အဓိက အရေးကြီးတဲ့ အရာက ယုံကြည်မှုပဲ ဖြစ်ပါတယ်။ ကိုယ်က သေလောက်အောင် ယုံကြည်ထားပေမယ့် တဖက်သားက ကိုယ့်ရဲ့ ယုံကြည်မှုအတိုင်း နေထိုင်နေတယ်လို့ တထစ်ချ မဆိုနိုင်ပါဘူး။ ဒါကြောင့် အချစ်ရေးမှာ ယုံကြည်မှုဟာ ချိုးဖျက်ရအလွယ်ဆုံး အရာတခုပဲ ဖြစ်ပါတယ်။
(၂) ငြီးငွေ့လာခြင်း
လူတကာအားကျရတဲ့ စံပြအတွဲတွေက တယောက်နဲ့တယောက် ဘယ်တော့မှ ငြီးငွေ့သွားပုံမပေါ်ပါဘူး။ ဒါပေမယ့် ဒါဟာ လက်တွေ့ဘဝမှာတော့ ခက်ခဲပါတယ်။ တခါတလေမှာ သင့်လက်တွဲဖော်မဟုတ်တဲ့ အခြားအရာတွေကို စိတ်ဝင်စားတတ်ပါတယ်။ ဥပမာ ခရီးသွားခြင်း၊ စာအုပ်ဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စတာ တွေပဲ ဖြစ်ပါတယ်။
ဒီလို ငြီးငွေ့တယ်ဆိုတဲ့ နေရာမှာ ကိုယ်လက်တွဲဖော်ကို ပစ်ပြီး အခြားလူတယောက်နဲ့ သွားရောက်ပတ်သက်ခြင်းကို ဆိုလိုတာ မဟုတ်ဘူးဆိုတာ သေသေချာချာသိနေဖို့ လိုပါတယ်။
(၃) အိမ်ထောင်ပြု ကလေးမွေးခြင်း
ချစ်သူရည်းစားတွေအဖို့ အိမ်ထောင်ပြုတယ်ဆိုတာ တကယ့် စိန်ခေါ်မှုတရပ်ပဲဖြစ်ပါတယ်။ ကလေးတွေရှိပြီး မိသားစု တခုထူထောင်ထားတယ်ဆိုတာ အများအမြင်မှာသာ ပျော်ရွှင်ဖို့ ကောင်းပြီးအမှန်တကယ် ထိန်းရတဲ့ လူတွေအတွက် တော့ မလွယ်ကူပါဘူး။ ဒီလိုပဲ လက်တွဲဖော်နှစ်ဦး အချင်းချင်းဖေးမပြီး သွားရတာပါ။ ဒါဟာလည်း ချစ်မိသွားရင် ဖြစ်ကို ဖြစ်လာမယ့် ကိစ္စတရပ်ပဲ ဖြစ်ပါတယ်။
(၄) အထီးကျန်မှုကို ခံရနိုင်ခြင်း
လက်ထပ်ပြီးသွားလို့ ဒါမှမဟုတ် လူတယောက်ကို ချစ်ပြီး ချစ်သူအဖြစ်တွဲလိုက်လို့ အထီးမကျန်တော့ဘူးရယ်လို့ မရှိပါဘူး။ လူတိုင်းဟာ ကိုယ့်ဘဝကိုယ် ကြိုးစားပြီး ဖြတ်သန်းနေကြတာဖြစ်လို့ အချိန်ပြည့်တော့ တယောက်အနား တယောက် မနေပေးနိုင်တာ သေချာပါတယ်။ ဒါကြောင့် တခါတရံမှာ အထီးကျန်မှုကို ခံစားရမှာပါပဲ။
(၅) မဟုတ်တာတွေကို တွေးမိခြင်း
လက်ထပ်တာ အချိန်တခုကို ရောက်ပြီးတဲ့အခါ ဒါမှမဟုတ် တွဲတာ အချိန်ကြာလာတဲ့ အခါမှာ “ကွာရှင်းရမလား ” ဆိုတဲ့ အတွေးက ဝင်လာတတ်ပါတယ်။ ဒါပေမယ့် သေသေချာချာ စဉ်းစားရမှာ တခုကတော့ သင့်လက်တွဲဖော် မရှိဘဲ သင်နေနိုင်ရဲ့လားဆိုတဲ့ အချက်ပါပဲ။ မနေနိုင်ဘဲနဲ့ ခဏတာ ပျော်ရွှင်မှုအတွက် တသက်လုံးပိုင်ဆိုင်ရမယ့် အရာကို မစွန့်လွှတ်မိဖို့ လိုပါတယ်။
Ref;brightside