သြစတြေးလျနိုင်ငံသား ခရီးသွားတဦးဟာ အင်္ဂါနေ့က စင်ကာပူလေကြောင်းလိုင်းနဲ့ ခရီးသွားစဉ် လေကြောင်းလိုင်းက ကျွေးတဲ့ ထမင်းထဲမှာ လူတယောက်ရဲ့ သွားပါလာခဲ့တယ်လို့ ပြောပါတယ်။
စင်ကာပူလေကြောင်းလိုင်းကလည်း သွားတချောင်းပါလာဟန်တူတယ်လို့ ဝန်ခံထားတာကို တွေ့ရပါတယ်။
Bradley Button ဆိုတဲ့ အမျိုးသားခရီးသွားက ထမင်းဝါးနေစဉ် ခပ်မာမာ အရာတခုကို ကိုက်မိတာကြောင့် ကြည့်လိုက်တဲ့ အခါ သွားဖြစ်နေတာကို တွေ့ရတာပါ။
“တခြားလူတွေတော့ ဘယ်လို နေလဲ မသိဘူး။ ကျနော်ကတော့ ကျနော်စားနေတဲ့ စားစရာထဲမှာ အခြားလူ တယောက် ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ပါလာတာကို လုံးဝ ဘဝင်မကျဘူး” လို့ သြစတြေးလျရဲ့ သတင်းစာတခုကို ပြောပြခဲ့ပါတယ်။
လေယာဉ်မယ်တယောက်က သူ့ကို အဲဒီအရာဟာ သွား မဟုတ်ကြောင်းနဲ့ ကျောက်ခဲသေးသေးလေးတလုံးသာ ဖြစ်ကြောင်းပြောပြီး ဖျောင်းဖျခဲ့သေးတယ်လို့ ဆိုပါတယ်။
သူကတော့ “ကျနော့်ဘက်က ဇဝေဇဝါ ဖြစ်စရာမရှိပါဘူး။ အဲဒါက တကယ် သွားတချောင်းပါ” လို့ ထပ်မံ ပြောခဲ့ပါသေးတယ်။
စင်ကာပူလေကြောင်းလိုင်းကတော့ “ထမင်းထဲမှာ ပါလာတဲ့ အရာက ထမင်းပွဲတွေထဲမှာ မပါသင့်တဲ့ အရာတခုပါ” လို့ ပြောပြီး တောင်းပန်ထားတယ်လို့လည်း သိရပါတယ်။
Ref;bkkpost