ခရီးတွေသွားတဲ့အခါမှာ အခိုက်အတန့်တိုင်းကို ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေအဖြစ် သိမ်းဆည်းဖို့ကို လူတိုင်းနီးပါး ကြိုးစားလေ့ရှိကြတာပဲဖြစ်ပါတယ်။ ၂၄ နှစ်အရွယ် အင်္ဂလိပ်ဆရာမတဦးဖြစ်တဲ့ Catherine Streng ကတော့လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က သူမရဲ့Twitter အကောင့်မှာ ချစ်စရာကောင်းတဲ့ သူမရဲ့အဘွားဓာတ်ပုံကို မျှဝေခဲ့တာပဲဖြစ်ပါတယ်။
သူမတင်ခဲ့တဲ့ ဓာတ်ပုံကတော့ ရေခဲတုံးပေါ်မှာ ထိုင်နေတဲ့ သူမရဲ့အဘွားဖြစ်သူဓာတ်ပုံပဲဖြစ်ပြီး ရေခဲမြစ်ရေတွေဟာ တသွင်သွင်စီးဆင်းနေတဲ့ နောက်ခံကိုလည်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကုလားထိုင်ပုံစံဖြစ်နေတဲ့ ရေခဲတုံးပေါ်မှာ သူမရဲ့အဘွားဖြစ်သူဟာ ဓာတ်ပုံရိုက်ခံဖို့ ကိုယ်ဟန်ပြနေတုန်းမှာပဲ ကံမကောင်းအကြောင်းမလှစွာနဲ့ ကြီးမားတဲ့ လှိုင်းတခုက အဘွားအိုကိုရော ရေခဲတုံးကိုပါ ကမ်းစပ်နဲ့အဝေးဆီ သယ်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။
လူမှုကွန်ရက်တော်တော်များများမှာ အခုသတင်းဟာ ပျံ့နှံ့သွားခဲ့တာပဲဖြစ်ပြီး သူမရဲ့အဘွားဖြစ်သူဟာဆိုရင်လည်း အေးစက်တောင့်ခဲနေတဲ့ ရေခဲမြစ်ထဲမှာ အချိန်မရွေး နစ်မြုပ်သွားနိုင်တာလည်း ဖြစ်ပါတယ်။ Streng ဟာ တောင်ကိုရီးယားမှာ အလုပ်လုပ်ကိုင်နေသူတဦးဖြစ်ပြီး သူမရဲ့မိသားစုကတော့ Texas ပြည်နယ်မှာပဲ အခြေချနေထိုင်သူတွေ ဖြစ်ကြပါတယ်။
ခရီးမကြာခဏထွက်နေသူဖြစ်တဲ့ Streng ဟာ အင်တာဗျူးတခုမှာတော့ သူမနဲ့သူမအဘွားဟာ ရေခဲပြင်ဒေသတခုကို ခရီးထွက်ရောက်ရှိနေခဲ့တာဖြစ်ပြီး သူမရဲ့အဘွားအနေနဲ့ လှပလွန်းတဲ့ သဘာဝရဲ့နောက်ခံမြင်ကွင်းတွေကြားမှာ ဓာတ်ပုံရိုက်ကူးလိုစိတ်ရှိခဲ့ကြောင်းကို ပြောဆိုခဲ့ပါတယ်။အဘွားဖြစ်သူနဲ့ ၂ ယောက်တည်း ခရီးထွက်ခဲ့တာ ဖြစ်တာကြောင့် အစစအရာအရာ ဂရုစိုက်ဖို့ကို ဖခင်က မှာကြားနေတုန်းမှာပဲ အခုလိုဖြစ်သွားခဲ့တာလို့လည်း ဆိုပါတယ်။
သူမရဲ့အဘွားဖြစ်သူဟာ ဓာတ်ပုံရိုက်ကူးခံဖို့အတွက် ရေခဲတုံးရဲ့ထိပ်ဖျားဘက်မှာ ထိုင်နေခဲ့တာဖြစ်ပြီး ပြုတ်ကျမသွားအောင်လည်း မြဲမြဲမြံမြံရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ ရုတ်တရက်ဆိုသလို ရိုက်ခတ်လိုက်တဲ့ လှိုင်းကြောင့် ရေခဲမြစ်ထဲ ပြုတ်ကျသွားတဲ့အခါမှာလည်း အဘွားအိုအနေနဲ့ ထိတ်လန့်တကြားမဖြစ်ဘဲ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့တာဟာဆိုရင်လည်း အံ့အားသင့်စရာပဲဖြစ်ပါတယ်။
ကံအားလျော်စွာပဲ အနီးအနားမှာရှိတဲ့ သဘောၤကပ္ပတိန်တဦးက အဘွားအိုကို ကယ်ဆယ်ဖို့ ရေထဲကို ခုန်ဆင်းခဲ့ပြီး အဘွားအိုနဲ့အတူ မျောပါနေတဲ့ ရေခဲတုံးကို ကမ်းစပ်အထိ ထိန်းချုပ်ဆွဲခေါ်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ တခြားသူတွေ ရေခဲတုံးနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ပေမယ့် ဘယ်လိုမတော်တဆမှုမျိုးကိုမှ မဖြစ်ခဲ့ဘဲ သူမရဲ့အဘွားကတော့ ကယ်ဆယ်မယ့်သူထွက်ပေါ်လာတာကြောင့် ကံကောင်းခဲ့တာဖြစ်ပါတယ်လို့ အင်တာဗျူးမှာ ဆက်လက် ပြောဆိုခဲ့ပါတယ်။
Ref. www.boredpanda.com