သင်ကကံကောင်းထောက်မလို့ အိမ်နဲ့ ရာနဲ့နေနိုင်တယ်ဆိုရင် ဝမ်းသာစရာပါပဲ။ အဲဒီလိုမဟုတ်ဘဲ လမ်းဘေးမှာ နေထိုင်နေရသူတွေကတော့ ဖျားနာမှုတွေ ပုဂ္ဂိုလ်ရေးလိုအပ်ချက်တွေကို အဆင်ပြေသလို ဖြေရှင်းရင် ရုန်းကန်နေကြရပါတယ်။
ဒီလိုလူတွေကို ကူညီဖို့အတွက် သင်စိတ်ကူးကောင်း ကူးဖူးမှာပါ။ ဒါပေမယ့် ဘယ်ကစလို့ ဘယ်လို လုပ်ရမှန်း မသိဖြစ်နေသူတွေ အတွက် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ပညာသင်ပါ
လူတွေ အိမ်ရာမဲ့စတင်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အိမ်လခမတတ်နိုင်ခြင်း၊ အလုပ်ပြုတ်ခြင်း၊ အိမ်ထောင်ကွဲခြင်း၊ ရောဂါဖြစ်ပွားခြင်းနဲ့ မွေးကတည်းက အိမ်ရာမရှိခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုကူညီချင်တယ်ဆိုရင် သင်လုပ်ရမယ့် အချက်က ပညာသင်ဖို့ပါပဲ။ ဒါမှသာ သူတို့ကို ဘယ်နေရာကနေ စပြီး ကူညီရမလဲဆိုတာ သိလာမှာပါ။
(၂) လှူပါ
အများကြီးလှူဖို့တော့ မလိုပါဘူး။ သင့်ဖက်ကတတ်နိုင်တာလေးတွေကို ပေးရင် ရပါပြီ။ အဲဒီနေရာမှာ သိထားရမှာက တချို့တွေဟာ ငွေကြေးရှာဖွေတဲ့ သဘောမျိုးနဲ့ လမ်းထွက်ပြီး တောင်းစားနေတာကိုပါပဲ။ သူတို့ကို သတိထားနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့်လည်း သင့်ဖက်က စေတနာရှိရင်တော့ လူတိုင်းကို လှူတန်းနိုင်ပါတယ်။ ဖိနပ်တရံ၊ အဝတ်တထည်လောက် လှူလိုက်တာကပဲ တဖက်သားအတွက် အများကြီး အထောက်အကူဖြစ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။
ဆောင်းတွင်းရောက်လာလို့ စောင်တထည်လှူတာ၊ နွေရောက်လာလို့ ယပ်တောင် လိုက်ကမ်းတာ အစ အကျိုးရှိတယ်ဆိုတာကို သတိထားဖို့ လိုပါတယ်။
(၃) ပရဟိတ အဖွဲ့ဝင်ပါ
ပရဟိတ အဖွဲ့အစည်းတွေကို ဝင်ရောက်တာကတော့ အဆင်မပြေတဲ့ သူတွေကို ကူညီနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ လမ်းဘေးဈေးသည်လေးတွေကို စာသင်တာ၊ အသုံးလုံး ဆရာအနေနဲ့ ကူညီတာ မျိုးတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။
(၄) အလုပ်အကိုင်အခွင့်အလမ်း ရှာပေးပါ
သင့်အနီးအနားမှာရှိတဲ့ လူတွေ၊ ဘုန်းကြီးကျောင်းတွေ ချက်ကျောင်းတွေမှာ အစောင့်လိုတာတို့ ဆေးသုတ်ဖို့ လူလိုတာ၊ သန့်ရှင်းရေးလုပ်ဖို့ လူလိုအပ်တာ စတဲ့ အရာတွေမှာ သင်နဲ့ သိတဲ့ အိမ်ယာမဲ့တွေကို အလုပ်ရှာပေးပါ။ အိမ်ရာမရှိတဲ့ သူတွေဟာအလုပ်လိုချင်ပေမယ့် သူတို့ကို အလုပ်ခန့်မယ့်သူ မရှိတာကြောင့် လမ်းပိုပျောက်နေရတာဖြစ်ပါတယ်။
Ref;mothernet