မိသားစုထဲမှာ အကြီးဆုံးသားသမီးတွေဟာ အငယ်တွေထက်ပိုပြီး ဉာဏ်ကောင်းကြတယ်လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ဒီလေ့လာချက်ကို အတည်ပြုဖို့အတွက် သွေးသားရင်းမောင်နှမတွေရဲ့ မှတ်ဉာဏ်နဲ့ တခြားသော လုပ်နိုင်စွမ်းတွေကို လေ့လာစောင့်ကြည့်ပြီး သုတေသနပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ လေ့လာစောင့်ကြည့်မှုတွေ အရတော့ ကွဲပြားခြားနားကြတာ သိပ်မရှိပေမယ့် အတွေးအခေါ် ၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဖန်တီးနိုင်မှု စွမ်းအားတွေမှာတော့ အကြီးဆုံး သားသမီးတွေဟာ အငယ်တွေထက်ပိုကြောင်းကို လေ့လာတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ Edinburch တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ အကြီးဆုံးသားသမီးတွေရဲ့ IQ ဟာ အငယ်တွေထက်ပိုပြီး မြင့်မားကြပြီး ဉာဏ်ရည်ဉာဏ်သွေးအားဖြင့်လည်း ၆၀ ရာခိုင်နှုန်းခန့်ပိုမိုကောင်းမွန်ကြတယ်လို့ သိရပါတယ်။ ဒီလိုမျိုး မိသားစုတခုတည်းမှာပဲ အကြီးဆုံးနဲ့အငယ်ဆုံးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကွာခြားမှုနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ခြားနားမှုတွေ ဘာကြောင့် ဖြစ်ရတယ်ဆိုတာကိုတော့ သိပ္ပံပညာရှင်တွေက အခုလိုပဲ ရှင်းလင်းထားပါတယ်။
အကြီးဆုံးသားသမီးတွေဟာ ပထမဦးဆုံး သားဦး၊ သမီးဦးတွေဖြစ်တာကြောင့် မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ပိုပြီးရရှိတာကြောင့် စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးအားသာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားမှုဆိုတာဟာ မျိုးရိုးဗီဇထက် ဘယ်လိုမျိုးပြုစုပျိုးထောင်ခံ ရတယ်ဆိုတဲ့ အပေါ်မှာပဲ မူတည်နေတာကြောင့် အကြီးဆုံးသားသမီးတွေဟာ ပိုမိုဉာဏ်ကောင်းကြတာပဲဖြစ်ပါတယ်။
အကြီးဆုံးသားသမီးတွေရဲ့ ကလေးဘဝ ကနဦးအချိန်တွေဟာ မိဘတွေရဲ့ အာရုံစူးစိုက်မှုနဲ့ ဂရုစိုက်နွေးထွေးမှုတွေကို တဦးတည်းကသာ ပိုင်ဆိုင်ရရှိတာကြောင့် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေဟာ ပိုမိုဖွံ့ဖြိုးကြတာဖြစ်တယ်လို့လည်း လေ့လာချက်တွေအရသိရပါတယ်။
အကြီးဆုံးသားသမီးတွေအနေနဲ့ သူတို့အောက် နောက်ထပ်အငယ်တွေ ထပ်မံရရှိလာတဲ့အခါမှာလည်း အငယ်တွေကို ချစ်တတ်ဖို့နဲ့ ဦးစားပေးဖို့ကို မိဘတွေဆီက သင်ယူခဲ့ရတာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရင့်ကျက်သူတွေဖြစ်လာကြပြီး တွေးခေါ်မှုအပိုင်းနဲ့ တခြားသောလုပ်ဆောင်နိုင်စွမ်းတွေမှာ အငယ်တွေထက် ပိုမိုရင့်ကျက်ထက်မြက်လာကြတာပဲ ဖြစ်ပါတယ်။
Ref. brightside.me