Hoan Kiem Lake ပန်းခြံကနေ လမ်းခဏ လျှောက်သွားတယ်ဆိုရင်ပဲ ဟနွိုင်းမြို့တော် ရပ်ကွက်ဟောင်းလေး တခုကို ရောက်သွားပါလိမ့်မယ်။ အဲဒီနေရာဟာ တခြားဘယ်နေရာတွေနဲ့မှ မတူတဲ့ နေရာလေး တနေရာပဲ ဖြစ်ပါတယ်။ အဲဒီနေရာမှာ နေထိုင်ကြသူတွေကတော့ ရထားလမ်းကို အိမ်လုပ်ပြီး နေထိုင်ကြသူတွေပါ။
ကလေးတွေဟာ အဲဒီ ရထားလမ်းတလျှောက် ကစားကြပါတယ်။ အဲဒီနေရာမှာပဲ ရေချိုးကြပါတယ်။ အဖေ၊ အမေတွေကလည်း ကိုယ့်ကလေးကိုယ် အသီးသီး အော်ဟစ်နေကြပါ တယ်။ အမနာပ စကားတွေကို ပြောဆိုကြပါတယ်။ တခြား အပြုအမူအမျိုးမျိုးတွေကိုလည်း ပြုလုပ်ကြပါတယ်။ ဒီအပြုအမူတွေ အားလုံးဟာ ဗီယက်နမ်နိုင်ငံရဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ် တခုပါပဲ။
မီးရထားဟာ အဲဒီရပ်ကွက်ကို တရက်နှစ်ကြိမ် ဖြတ်သွားပါတယ်။ ညနေ ၃ နာရီခွဲနဲ့ ညနေ ၇ နာရီခွဲပါ။ မီးရထားလာလို့ ဥသြစွဲသံ ကြားရတယ်ဆိုရင်လည်း အဲဒီရပ်ကွက်က လူတွေကတော့ ထူးပြီး တုန်လှုပ်မနေပါဘူး။ အော်ဟစ်ဆူညံ မနေပါဘူး။ သာမန် လုပ်ရိုးလုပ်စဉ် ကိစ္စတခုလိုပါပဲ။
ရထားလာချိန် ရောက်ပြီဆိုတာနဲ့ လူစုလူဝေးကြီးဟာ ကိုယ့်အိမ်တွေ အသီးသီးထဲ ခေတ္တ ကွယ်ပျောက်သွားကြပြီး စီးပွားရေးလုပ်ငန်းတွေလည်း ခေတ္တ ရပ်နားထားကြပါလိမ့်မယ်။ ရထား တကယ် ရောက်ရှိလာခဲ့ပြီဆိုရင်တော့ စပ်စုတဲ့ နိုင်ငံခြားသားတွေနဲ့ တိရစ္ဆာန်အချို့သာ ကျန်နေရစ်ခဲ့ပါလိမ့်မယ်။
ရထားလမ်းတလျှောက် နေထိုင်ကြသူတွေဟာ စက္ကန့်နဲ့အမျှ အသက် အန္တရာယ် ရှိနေပေမယ့်လည်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေကြတုန်းပါ။ သယ်ယူပို့ဆောင်ရေး အတွက်ဆိုရင်လည်း ရထားမလာတဲ့ အချိန်တွေဆို မော်တော်ဆိုင်ကယ်နဲ့ ဆိုင်ကယ်တွေကို အသုံးပြုလေ့ ရှိကြပါတယ်။
တကယ်တော့ ရထားတွဲကလည်း အရှည်ကြီးပါပဲ။ အဲဒီရထားတွဲတွေကိုတော့ အပြာရောင်နဲ့ အနီရောင် ဆေးခြယ်ထားပါတယ်။ ရထားလာတဲ့ အချိန်တွေမှာဆိုလည်း မီးခိုးတွေနဲ့ ဖုန်မှုန့်တွေက အများအပြားပါ။ ဒီအခြေအနေတွေကလည်း သူတို့တွေအဖို့ကတော့ သေးငယ်တဲ့ အာရုံ ခံစားမှု တခုပါ။
အဲဒီရပ်ကွက်ကို ရထားဖြတ်သွားပြီးပြီ ဆိုတာနဲ့ အားလုံးဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ ကလေးတွေကလည်း ကစားမြဲပါပဲ။ အဲဒီရပ်ကွက်မှာ နေထိုင်ကြသူတွေဟာ အသက်အန္တရာယ်နဲ့ ယဉ်ပါးနေတဲ့ ကစားနည်းမှာ ပုံမှန်အသားကျလျက် ရှိနေပါတယ်။
Ref : theculturetrip