အခုနောက်ပိုင်းမှာဆိုရင် IQ မြင့်ဖို့ထက် EQ မြင့်ဖို့က ဘဝအောင်မြင်မှုအတွက် ပိုပြီး အရေးပါလာနေတယ်ဆိုတာကို တော်တော်များများက လက်ခံလာနေကြပြီပဲ ဖြစ်ပါတယ်။
EQ (Emotional Intelligence) မြင့်တယ် ဆိုတာကတော့ မိမိရဲ့စိတ်ခံစားမှုနဲ့ သူတပါးရဲ့ စိတ်ခံစားမှုတွေကို စာနာ နားလည်ပေးနိုင်တာ၊ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ အကောင်းဘက်ကနေ ဖြည့်တွေပေးတတ်ကြတာ၊ စိတ်ဖိစီးမှုတွေကို ကောင်းကောင်းထိန်းချုပ်စီမံနိုင်တာနဲ့ မိမိလက်အောက်ငယ်သားတွေနဲ့ တခြားသူတွေကို လေးလေးစားစား ပေါင်းသင်းဆက်ဆံတတ်တဲ့ အရည်အချင်းမျိုးတွေကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
IQ မြင့်ခြင်း၊ မမြင့်ခြင်းဟာ မွေးရာပါဗီဇနဲ့သက်ဆိုင်ပေမယ့် EQ ကောင်းခြင်း၊ မကောင်းခြင်းကတော့ မိမိဘာသာ လေ့ကျင့်ပျိုးထောင်ပေးလို့ရတဲ့ အရာတခုပဲဖြစ်တာကြောင့် EQ ဖွံဖြိုးလာအောင် လေ့ကျင့်ပေးသင့်တဲ့ နည်းလမ်းတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) မိမိစိတ်ကို အရင်နားလည်အောင် စောင့်ကြည့်ပါ
ဒီအချက်ကတော့ ပြောရလွယ်သလောက် လုပ်ရခက်တဲ့အရာတခုပဲဖြစ်ပါတယ်။ မိမိစိတ်ဆိုတဲ့နေရာမှာ အပေါ်ယံလောက်ကိုသာမဟုတ်ဘဲ အတွင်းကျကျ မိမိရဲ့စိတ်အစွဲတွေကိုပါ နားလည်အောင် စောင့်ကြည့်သတိပြုရမှာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး သတိပြုစောင့်ကြည့်ခြင်းဟာ ဘယ်လိုအခြေအနေမျိုးတွေမှာ မိမိရဲ့စိတ်ဟာ ပေါက်ကွဲလွတ်ထွက်လွယ်သလဲဆိုတာကို သတိပြုမိစေမှာဖြစ်ပြီး လွန်ကဲတဲ့ စိတ်ခံစားမှုတွေ ပေါ်ပေါက်လာတာနဲ့ ချက်ချင်းဆိုသလို ဆင်ခြင်နိုင်မှာပဲ ဖြစ်ပါတယ်။
(၂) အဆိုးမြင်တတ်ခြင်းကို တတ်နိုင်သလောက် လျှော့ချကြည့်ပါ
အဆိုးမြင်တတ်တဲ့ အကျင့်ဟာ သင့်အတွက်ရော တခြားသူတွေအတွက်ပါ အကျိုးရှိစေမှာ မဟုတ်ပါဘူး။ ဘယ်ကိစ္စမဆို အဆိုးရော အကောင်းပါ ဖြစ်လာနိုင်တာကြောင့် အဆိုးမြင်စိတ်တွေသာ များနေမယ့်အစား အကောင်းဘက်ကနေ ဖြေပြီးတွေးပေးတတ်တဲ့အကျင့်ကို လေ့ကျင့်ပေးသင့်ပါတယ်။
(၃) လတ်တလော ဆန္ဒတွေကို ထိန်းချုပ်ပါ
စိတ်ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ရေရှည်အောင်မြင်ရေးအတွက် လတ်တလော စိတ်ဆန္ဒတွေကို ထိန်းချုပ်ခြင်းဟာ အရေးပါတယ်လို့ ဆိုပါတယ်။ လတ်တလောဖြစ်လာတဲ့ စိတ်ဆန္ဒတွေကို ထိန်းချုပ်လိုက်နိုင်ခြင်းဟာ ရေရှည်မှာ နစ်နာဆုံးရှုံးမှုတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
(၄) ကိုယ်ချင်းစာစိတ်ထားတတ်ပါစေ
EQ မြင့်တဲ့သူတယောက်ဖြစ်ဖို့အတွက် ကိုယ်ချင်းစာစိတ်ထားတတ်ဖို့က အရေးကြီးပါတယ်။ သူတပါးရဲ့ စိတ်ခံစားချက်တွေကို ကိုယ်ချင်းစာစိတ်ထားပြီး ဖြည့်တွေးပေးတတ်တာဟာ EQ မြင့်သူတွေရဲ့ အရည်အချင်းတခုပဲ ဖြစ်ပါတယ်။
Ref. www.psychologytoday.com