ကိုယ်တပိုင်း ဗလာဖြစ်နေတဲ့ အသက် ၅ နှစ်အရွယ် ကောင်မလေး တယောက်ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့က အမှိုက်ပုံတွေထဲမှာ တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိချိန်မှာ အဲဒီကောင်မလေးဟာ ဘာသာစကားကို မပြောနိုင်ဘဲ လူတွေနဲ့လည်း ကောင်းမွန်စွာ ဆက်ဆံနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
တွေ့တဲ့ အချိန်မှာ ရောဂါတွေ ကူးစက်နိုင်ချေ ရှိနေလို့ ရဲတွေဟာ အကာအကွယ်ရှိတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။ သူမရဲ့ ခန္ဓာကိုယ်မှာ ပိုးဟပ်တွေ တက်နေပြီး အမှိုက်တွေနဲ့ ကပ်နေတယ်လို့ ရဲတွေက ဆိုပါတယ်။
သူမကို စွန့်ပစ်ခဲ့တဲ့ သူမရဲ့ မိခင်ဖြစ်သူ အသက် ၄၇ နှစ်အရွယ် Irina Garashchenko ကတော့ တိုက်ခန်းကနေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အဲဒီကောင်မလေးဟာ အပေါ်ပိုင်းမှာ တီရှပ်တထည်ကို ဝတ်ဆင်ထားပြီး အောက်မှာတော့ အတွင်းခံဘောင်းဘီကိုသာ ဝတ်ဆင်ထားတာပါ။ သူမ ရှိနေတဲ့ တိုက်ခန်းဟာလည်း အမှိုက်ပုံကြီး တခုလို ဖြစ်နေတာကြောင့် သူမကို သွားရောက် ကယ်တင်ချိန်မှာ ရဲတွေဟာ ဓာတုကာကွယ်ရေး ဝတ်စုံကို ဝတ်သွားခဲ့ရပါတယ်။
ရုရှားမီဒီယာအများစုက သူမကို Jungle Book ရုပ်ရှင်ထဲက ဇာတ်ကောင် “မော်ဂလီ”လို့ တင်စားပြီး ဖော်ပြနေကြပါတယ်။ သူမကို တွေ့တဲ့ အချိန်မှာ သူမဟာ စကား လုံးဝ မပြောတတ်ဘဲ အသံတွေကို ပြုလုပ်တတ်တယ်လို့ သိရပါတယ်။ သူမရဲ့ လည်ပင်းမှာ အမှိုက်တခုဟာ ဆွဲကြိုးလို ကပ်နေပြီး အသားတွေကို ပြဲအောင် ပြုလုပ်ထားသလို ဖြစ်နေပါတယ်။
အိမ်နီးချင်းတွေက အဲဒီကောင်မလေး ငိုနေတာကို တွေ့ပြီး ရဲတွေကို အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီတိုက်ခန်းဟာ အရမ်းနံလို့ သတိထားမိတာ ကြာပီလို့လည်း အိမ်နီးချင်းတွေက ဆိုပါတယ်။ အဲဒီကောင်မလေးက ပြတင်းပေါက်နားမှာ ထိုင်ငိုနေတာဖြစ်ပြီး စားစရာလည်း မရှိတဲ့ အပြင် တအိမ်လုံး ပိုးဟပ်တွေနဲ့ ပြည့်နေတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်ခန့်က အဲဒီကောင်မလေးရဲ့ အမေလို့ ထင်ရတဲ့ အမျိုးသမီးဟာ ကလေးတယောက်ကို ခေါ်လာခဲ့တယ်လို့ အိမ်နီးချင်းတွေရဲ့ ပြောစကားအရ သိရပါတယ်။ နောက်ပိုင်းမှာ ကလေးကို အဘိုးအဘွားတွေနားမှာ ထားထားတယ်လို့ အဲဒီ အမျိုးသမီးက ပြောကြောင်း အိမ်နီးချင်းတွေက ထပ်မံပြောခဲ့ပါသေးတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ကလေးဟာ အိမ်ထဲက အိမ်ပြင်မထွက်ရဘဲ အဲဒီတိုက်ခန်းမှာပဲ ပိတ်လှောင်ခံထားရတာ ဖြစ်ပါတယ်။ ကလေးရဲ့ မိခင်ဖြစ်သူကတော့ ထွက်ပြေးလျက်ရှိလို့ ရဲတွေက ပိုက်စိပ်တိုက်ရှာဖွေနေပါတယ်။ ကလေးရဲ့ မိခင်လို့ ထင်ရတဲ့ အမျိုးသမီးဟာ ပရော်ဖက်ရှင်နယ် လုပ်ငန်းတခုကို လုပ်ကိုင်နေသူဖြစ်ပြီး ဝတ်ကောင်းစားလှဝတ်ကာ အပြင်ထွက်လေ့ ရှိတယ်လို့ အိမ်နီးချင်းတွေက ဆိုပါတယ်။
Ref; dailymail