ပလတ်စတစ်ကို ၁၉၀၇ ခုနှစ်မှာ ဘယ်လ်ဂျီယံ အမေရိကန် သိပ္ပံပညာရှင်တယောက် ဖြစ်တဲ့ Leo Baekeland ဆိုသူက တီထွင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကမ္ဘာအနှံ့မှာ ပလတ်စတစ်စက်ရုံတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
၁၉၅၀ ပြည့်နှစ် မတိုင်ခင်ထိတော့ ပလတ်စတစ်ယဉ်ကျေးမှုက မဖွံ့ဖြိုးခဲ့ပေမယ့်လည်း ၆၅ နှစ်အကြာ ၂၀၁၅ ခုနှစ်အထိမှာဆိုရင် တန်ချိန်ပေါင်း ၃၈၁ သန်း ထိ ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ အကြမ်းဖျင်းအားဖြင့်ဆိုရင်တော့ ဒီပမာဏဟာ ကမ္ဘာ့လူဦးရေနဲ့ ၃ ပုံ ၂ ပုံ ပမာဏ ရှိပါတယ်။
ပလတ်စတစ် ညစ်ညမ်းမှုဟာ လူတွေအတွက် အန္တရာယ်ဖြစ်စေရုံသာမက ပင်လယ်သမုဒ္ဒရာကိုလည်း ညစ်ညမ်းစေနိုင်သလို သားရိုင်း တိရစ္ဆာန်တွေအတွက်ဆိုရင်လည်း အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ပင်လယ် သမုဒ္ဒရာအတွင်းမှာ ရှိနေတဲ့ ပလတ်စတစ် ၈၀ ရာခိုင်နှုန်းဟာ လူတွေ စွန့်ပစ်တဲ့အတွက်ကြောင့်ဖြစ်ပြီး အဲဒီထဲက တဝက်လောက်က ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ရှိနေပါတယ်။ ပစိဖိတ်သမုဒ္ဒရာ အတွင်းမှာဆိုရင် ပလတ်စတစ်တွေအပြင် ငါးဖမ်းပိုက်တွေ ကြိုးတွေပါ ရှိနေပါတယ်။
၁၉၅၀ ကနေစပြီး တနှစ်ကို ပလတ်စတစ်တန်ချိန် ၂ သန်း ထုတ်လုပ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ထုတ်လုပ်လာခဲ့ရာမှာ ၂၀၁၅ ခုနှစ်မှာဆိုရင် တန်ချိန် ၃၈၁ သန်း ထိတိုင်အောင် ရောက်လာခဲ့ပါတယ်။ ပလတ်စတစ်ကို အဓိက အသုံးပြုတဲ့နေရာကတော့ ပစ္စည်းတွေကို ထုပ်ပိုးတဲ့ နေရာတွေမှာပါ။ ဒီပမာဏဟာ ပလတ်စတစ်က ထွက်ရှိတဲ့ ထုတ်ကုန်ပမာဏရဲ့ ၄၂ ရာခိုင်နှုန်း ရှိပါတယ်။
ဒုတိယ အများဆုံးနေရာကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာပါ။ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာဆိုရင်လည်း ပလတ်စတစ်ကထွက်တဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုလေ့ ရှိပါတယ်။
ပလတ်စတစ်ကို အများဆုံး အသုံးပြုတဲ့နိုင်ငံတွေကတော့ ကူဝိတ်၊ ဂိုင်ယာနာ၊ ဂျာမနီ၊ နယ်သာလန်၊ အိုင်ယာလန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ပါ။ ဒီနိုင်ငံတွေရဲ့ ပလတ်စတစ် အသုံးပြုမှုက အိန္ဒိယ၊ တန်ဇန်းနီးယာ၊ မိုဇမ်ဘစ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေထက် ၁၀ ဆ မြင့်မားပါတယ်။
လူဦးရေ ထူထပ်လွန်းတဲ့ တရုတ်နိုင်ငံအနေနဲ့ကလည်း ပလတ်စတစ် တန်ချိန် သန်းပေါင်း ၆၀ နီးပါး ထုတ်လုပ်သလို အမေရိကန်ပြည်ထောင်စုက တန်ချိန် ၃၈ သန်း၊ ဂျာမနီက တန်ချိန် ၁၄ ဒဿမ ၅ သန်းနဲ့ ဘရာဇီးနိုင်ငံက တန်ချိန် ၁၂ သန်း ထုတ်လုပ်ပါတယ်။
Ref : ourworldindata