အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်တဲ့ ကောင်လေးတယောက်ဟာ သူ့ရဲ့ ရွှေငါးလေးကို ချစ်လွန်းတာကြောင့် အခြားအိမ်မွေး တိရစ္ဆာန်တွေလို အနီးကပ် နေချင်တဲ့အတွက် ရေကန်ထဲက ထုတ်ပြီး ဖက်အိပ်ခဲ့တယ်လို့ သိရပါတယ်။ အိမ်မွေးတိရစ္ဆာန် ရှိသူတွေဟာ သူတို့ရဲ့ အိမ်မွေးခွေးတွေ၊ ကြောင်တွေကို ပွေ့ဖက်ကြသလိုမျိုး ဒီကလေးငယ်ဟာလည်း သူ့ရဲ့ ငါးကလေးကို ဖက်ပြီး အိပ်ခဲ့တာပါ။
အသက် ၄ နှစ်သာရှိသေးတဲ့ Everett Hamlin ကတော့ ငါးတွေဟာ ရေထဲမှာပဲ ရှင်သန်နိုင်တယ်ဆိုတာကို သိပုံမပေါ်ပါဘူး။ ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာ ငါးကန်ထဲက ငါးကို ယူပြီး အတူတူအိပ်ခဲ့တာပါ။ သူ့ရဲ့ အမေက လာရောက်ကြည့်ရှုတဲ့ အချိန်မှာ “Nemo” လို့ အမည်ရတဲ့ ငါးကလေးက ကန်ထဲမှာ ရှိမနေတာကို သတိထားမိခဲ့ပါတယ်။ အိပ်ရာထဲက သားကလေးကတော့ ငါးကို ဖက်ပြီး အိပ်နေတာပါ။ အားလုံးထင်ထားတဲ့ အတိုင်းပါပဲ။ ငါးကလေးကတော့ အသက် မရှိတော့ပါဘူး။
မိခင်ဖြစ်သူက Everett ကို နှိုးပြီး အကြောင်းအကျိုးကို ပြောပြခဲ့ရာမှာတော့ သားဖြစ်သူဟာ ယူကြုံးမရဖြစ်ပြီး တညလုံး ငိုကြွေးခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းဟာ နောက်တနေ့မှာတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ Everett ရဲ့ မိခင်ဖြစ်သူ Tori က “ကျမသားလေးက သူ့ရဲ့ ရွှေငါးကို အရမ်းချစ်လို့ အမြဲတမ်း သူ့အိပ်ခန်းထဲမှာ ထားလေ့ရှိပါတယ်။ အရင်နေ့တွေက ဒီလိုမျိုး အပြင်ကို ထုတ်ဖို့ တခါမှာ မလုပ်ဖူးပါဘူး။ ငါးလေးတွေဟာ ရေရဲ့ အပြင်မှာ အသက်မရှင်နိုင်ဘူးဆိုတာ အခုတော့ သူသိသွားပါပြီ။ သူက အခုတော့ နောက်ထပ် ရွှေငါးတကောင် ဝယ်ချင်နေပါတယ်”လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။
ဒါ့အပြင် သူမက “ ကလေးတွေဟာ မိဘတွေပြောရင် တခါတည်း နားမထောင်ချင်ကြပါဘူး။ အခုတော့ သူကိုယ်တိုင် ဆုံးရှုံးရလို့ သူ နားလည်သွားပါပြီ ” ဆိုပြီး ထည့်သွင်းရေးသားခဲ့ပါတယ်။
အင်တာနက်အသုံးပြုသူတွေကတော့ Everett ကို သနားနေကြပြီး ချစ်ဖို့လည်းကောင်း ရယ်စရာလည်းကောင်းတယ်လို့ မှတ်ချက်တွေ ပေးထားကြပါတယ်။
Ref ; vice