ကလေးငယ်တယောက်ရဲ့ အရွယ်ရောက်ကြီးပြင်းလာမှုနဲ့ ပြုမှုပြောဆိုဆက်ဆံပုံတွေဟာ မိဘတွေရဲ့ သွန်သင်ဆုံံးမမှု တွေနဲ့ ဆက်စပ်နေပါတယ်။ မိဘရယ်လို့ ဖြစ်လာရင် ကိုယ့်သားသမီး ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့နဲ့ ဉာဏ်ရည်ထက်မြက်မှုကိုပဲ ရှိစေချင်တာမှန်ပေမယ့် တခါတရံမှာတော့ မိဘတွေရဲ့အပြုအမူတွေဟာ ကလေးတွေရဲ့ ငယ်ဘဝကနေ အသက်အရွယ် ကြီးပြင်းလာတဲ့အထိ စိတ်ဒဏ်ရာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိပြုဆင်ခြင်မိစေဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) အရာရာကို ထိန်းချုပ်ထားတတ်ခြင်း
ကလေးငယ်တွေကို အစစအရာရာမှာ ထိန်းချုပ်ထားပြီး သူတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ လွတ်လပ်ခွင့်ကို လျစ်လျှူရှုထားခြင်းဟာ အရွယ်ရောက် ကြီးပြင်းလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှု နည်းပါးလာစေတဲ့အပြင် စူးစမ်းလိုစိတ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကိုပါ လျော့ကျစေနိုင်ပါတယ်။
(၂) ချစ်ခြင်းမေတ္တာကို ကလေးငယ်တွေကို မြင်သာအောင် ထုတ်ဖော် မပြခြင်း
တချို့သောမိဘတွေဟာ မိမိသားသမီးတွေကို မိမိဘယ်လောက် ချစ်ခင်ကြောင်းကို ပြသဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ ဒီအပြုအမူဟာဆိုရင် ကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာကို များစွာ ဆိုးကျိုးဖြစ်စေပြီး အရွယ်ရောက် ကြီးပြင်းလာတဲ့အထိ မိဘနဲ့ သားသမီးကြား နွေးထွေးမှုတွေ ပျောက်ဆုံးနေတာမျိုးအထိပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) မအောင်မြင်တဲ့အခါ ပြစ်တင်ရှုံ့ချခြင်း
ကလေးငယ်တွေကို မအောင်မြင်တဲ့အခါ ပြစ်တင်ရှုံ့ချတာတွေ ပြုလုပ်ခြင်းဟာ အရွယ်ရောက်ကြီးပြင်းလာတဲ့အထိ သိမ်ငယ်စိတ်တွေကို ဝင်လာစေပြီး အဆိုးမြင်စိတ်တွေကို ပိုမိုများပြားလာစေနိုင်ပါတယ်။
(၄) ကလေးငယ်တွေရဲ့ ခံစားချက်ကို လျစ်လျူရှုခြင်း
ကလေးတွေမှာလည်း သူတို့ အသက်အရွယ်အလိုက် ခံစားချက်တွေ ရှိတာကြောင့် သူတို့ရဲ့ခံစားချက်တွေကို မိဘတွေအနေနဲ့ လျစ်လျူရှုလိုက်ခြင်းဟာ အရွယ်ရောက် ကြီးပြင်းလာတဲ့အခါ တကိုယ်ကောင်းဆန် စိတ်တွေကိုသာ ကြီးထွားလာစေနိုင်ပါတယ်။
(၅) ကလေးငယ်တွေရှေ့ အော်ဟစ် ရန်ဖြစ်ခြင်း
ဒီအချက်ကတော့ ကလေးတွေရဲ့ အရွယ်ရောက် ကြီးပြင်းလာချိန်အထိကို ဆိုးဆိုးရွားရွား သက်ရောက်လာစေနိုင်တဲ့ အချက်တခုပဲဖြစ်ပါတယ်။ ကလေးငယ်တွေရှေ့ အော်ဟစ် ရန်ဖြစ်ခြင်းဟာ ကလေးတွေရဲ့ ပြဿနာကို အေးဆေးစွာ ဖြေရှင်းနိုင်စွမ်းကို လျော့ကျစေပြီး ကြမ်းတမ်းခက်ထန်မှုကို ဖြစ်လာစေနိုင်ပါတယ်။
Ref: brightside.me