ယေဘုယျအားဖြင့်ပြောရရင် သမိုင်းတလျှောက်လုံးမှာ လူတွေဟာ စိုက်ပျိုးလို့ရနိုင်တဲ့ လယ်မြေတွေနဲ့အတူ စည်ကားတဲ့ လူမှုပတ်ဝန်းကျင်တွေမှာသာ နေထိုင် ရှင်သန်ခဲ့ကြပါတယ်။ ဒါပေမယ့် အခု ဖော်ပြပေးမယ့် နေရာတွေကတော့ ကမ္ဘာပေါ်မှာ လူဦးရေ အနည်းဆုံး နေထိုင်တဲ့ နေရာတွေပါ။ ဒီလို နေထိုင်သူ လူဦးရေ နည်းပါးရတဲ့ အကြောင်းအရင်းကတော့ ကြမ်းတမ်းတဲ့ ရာသီဥတုကြောင့်ဖြစ်သလို ဆက်သွယ်ရ ခက်ခဲတဲ့ အခြေအနေတွေကြောင့်ပါ။
ကမ္ဘာပေါ်မှာ လူဦးရေအနည်းဆုံး နေထိုင်တဲ့ နေရာတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတာကတော့ ဗာတီကန်မြို့တော်ပါ။ ဗာတီကန်မြို့တော်ဟာ ကမ္ဘာ့လူဦးရေ အနည်းဆုံး မြို့တမြို့ပါ။
(၁) Vatican City
အီတလီနိုင်ငံအတွင်းမှာရှိတဲ့ ဗာတီကန်မြို့တော်ဟာ ၄၄ စတုရန်း ကီလိုမီတာ အကျယ်အဝန်းသာ ရှိပြီး တံတိုင်းတွေနဲ့ ကာရံထားတဲ့ ကန့်သတ်မြို့တော်ပါ။ ဒီမြို့တော်မှာဆိုရင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၈၀၀ လောက်သာ ရှိပါတယ်။ ဒီမြို့တော်က ကက်သလစ် ဘာသာဝင်တွေအတွက် အရေးကြီးတဲ့ မြို့တော် ဖြစ်သလို ကက်သလစ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ပုပ်ရဟန်းမင်းကြီးကလည်း ဗာတီကန်မြို့တော်မှာ နေထိုင်ပါတယ်။
ဒီမြို့တော်မှာ နေထိုင်ကြတဲ့ လူဦးရေရဲ့ ၇၄ ရာခိုင်နှုန်းကလည်း ဓမ္မဆရာတွေသာ ဖြစ်ကြပါတယ်။ ဗာတီကန်မြို့တော်ဟာ သေးငယ်တဲ့မြို့တော် ဖြစ်ပေမယ့်လည်း နှစ်စဉ် လာရောက် လည်ပတ်ကြတဲ့ ခရီးသည်ပေါင်းက ၅ သန်းကျော် ရှိပါတယ်။
(၂) Tuvalu
Tuvalu နိုင်ငံကတော့ ကမ္ဘာပေါ်မှာ ဒုတိယ လူဦးရေအနည်းဆုံးနိုင်ငံဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့်ဆိုရင် Tuvalu နိုင်ငံမှာ နေထိုင်တဲ့လူဦးရေက ၁၀၆၄၀ ယောက်သာ ရှိပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းတုန်းကလည်း စစ်အခြေစိုက် စခန်းတခု ဖြစ်ခဲ့ပါတယ်။ တချို့ သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ ဆိုရင် Tuvalu နိုင်ငံဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ ဒဿမ ၁ ပေသာ မြင့်တဲ့အတွက်ကြောင့် ပင်လယ်ရေ နှစ်မြှုပ်ရင် ပထမဆုံးကွယ်ပျောက်သွားမယ့် နိုင်ငံတနိုင်ငံအဖြစ် ခန့်မှန်းထားကြပါတယ်။
(၃) Nauru
Naura ကတော့ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းမှာတည်ရှိတဲ့ ကျွန်းနိုင်ငံပါ။ ၂၀၁၁ ခုနှစ် လူဦးရေ စာရင်းအရဆို ၁၀၀၈၄ ယောက်သာ ရှိခဲ့ပါတယ်။ နိုင်ငံဧရိယာ အကျယ်အဝန်းကလည်း ၈ ဒဿမ ၁ စတုရန်းမိုင်သာရှိပြီး တောင်ပစိဖိတ် သမုဒ္ဒရာမှာဆိုရင်တော့ အသေးငယ်ဆုံး နိုင်ငံတနိုင်ငံပါ။ Nauru ကျွန်းနိုင်ငံဟာ တချိန်တုန်းကတော့ ဖော့စဖိတ်သတ္တု ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပါတယ်။
၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေအတွင်းမှာဆိုရင် Nauru မှာ နေထိုင်ကြတဲ့လူတွေရဲ့ တဦးချင်းဝင်ငွေက ကမ္ဘာပေါ်မှာအမြင့်ဆုံး အခြေအနေမှာ ရှိခဲ့ပါတယ်။ ဒီနေ့ခေတ်မှာဆိုရင်တော့ Nauru မှာ နေထိုင်ကြတဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ အခုဆိုရင်လည်း Nauru ကျွန်းနိုင်ငံဟာ သြစတြေးလျအစိုးရရဲ့ အကူအညီကို ယူနေရပါတယ်။
Ref : graphicmaps