သာမန်လူတွေအတွက်တော့ တပတ်မှာ ၂ ကြိမ်လောက် ခေါင်းမလျှော်ဖြစ်ရင်ပဲ ဦးရေပြားတွေ ယားယံပြီး မနေတတ်မထိုင်တတ်အောင် ဖြစ်နေမှာ အမှန်ပါပဲ။ Disney ကာတွန်းကားထဲက Rapunzel မင်းသမီးလေးလို ဆံပင်တွေ သန်စွမ်းရှည်လျားလွန်းလို့ တကယ့် အပြင်လောကက Rapunzel မင်းသမီးလို့တောင် တင်စားရသူ အင်္ဂလန်က Frankie Cluney ကတော့ ၆ ပေ နီးပါးလောက်ရှိတဲ့ သူမရဲ့ ဆံပင်တွေကို အနှစ် ၂၀ လောက် မလျှော်ဘဲထားခဲ့သူ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အသက် ၃၂ နှစ်ခန့် ရှိနေပြီဖြစ်တဲ့ Frankie Cluney ဟာ UK နိုင်ငံ Brighton မြို့က အနုပညာရှင်တဦးဖြစ်ပြီး အသက် ၁၃ နှစ်လောက်ကတည်းက ဆံပင်အရှည်စထားခဲ့တာပါ။ သူမအနေနဲ့ ခေါင်းတခါလျှော်ရင် အချိန်ကြာလွန်းတာကြောင့် မိခင်နဲ့ ညီမဖြစ်သူက မကြာခဏဆိုသလို ခေါင်းမလျှော်ဖို့ အကြံပြုခဲ့ပါတယ်။
သူမရဲ့ ရှည်လျားသန်စွမ်းလွန်းလှတဲ့ ဆံပင်တွေကို တခါခေါင်းလျှော်တိုင်း အချိန် ၂ နာရီကျော်ခန့်ကြာမြင့်ပြီး လူ ၂ ယောက်ကလည်း ကူညီပေးရတာကြောင့်လည်း သူမအနေနဲ့ ဒီအကြံဉာဏ်ကို လက်ခံဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။
“ကလေးဘဝတည်းကနေ ပုံပြင်ထဲက ကောင်မလေးတွေလို ဆံပင်ရှည်ရှည်ထားချင်ခဲ့တာပါ။ တကယ့်တကယ် ဆံပင်အရှည်စထားခဲ့တဲ့ အချိန်မှာတော့ ထင်သလောက် မလွယ်ကူခဲ့တဲ့အပြင် ထိန်းသိမ်းရလည်း အင်မတန်မှ ခက်ခဲ့ပါတယ်”
“ခေါင်းတခါလျှော်တိုင်း ထူထဲလွန်းတဲ့ ဆံပင်တွေကို ရှင်းလင်းရခက်တဲ့အပြင် ဆံပင်တွေ ခြောက်သွေ့ဖို့ကိုလည်း နာရီအတန်ကြာ စောင့်ဆိုင်းရတာကြောင့် ခေါင်းလျှော်တိုင်း စိတ်ညစ်ခဲ့ရပါတယ်။ ခေါင်းမလျှော်တော့ဘူးလို့ စပြီးဆုံးဖြတ်ချက်မချခင်က အနည်းငယ်တွေဝေခဲ့တာမျိုး ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသားကျပြီး အဆင်ပြေနေပါပြီ” လို့ သူမက ဆိုပါတယ်။
ဒီလိုမျိုး ခေါင်းမလျှော်ဘဲနေဖို့ ဆုံးဖြတ်ချက်ချပြီး တလလောက်အတွင်း ဦးရေပြားကနေ မခံမရပ်နိုင်အောင် ယားယံမှု ဝေဒနာကို ခံစားရပေမယ့် တလကျော်သွားတဲ့ နောက်ပိုင်းမှာတော့ ထူးထူးခြားခြား မခံစားရတော့ဘူးလို့လည်း သူမက ဆိုပါတယ်။
ခေါင်းလျှော်မယ့်အစား နေ့စဉ်နေ့တိုင်း ဘီးကိုအသုံးပြုကာ ဆံပင်တွေကို ရှင်းလင်းနေခဲ့ပြီး ဒီလိုမျိုး အနှစ် ၂၀ ကြာတဲ့တိုင်အောင် ခေါင်းမလျှော်ခဲ့ပေမယ့် အနံ့ဆိုးတွေထွက်ပြီး ဦးရေပြားယားယံတာမျိုးတော့ မရှိခဲ့ဘူးလို့လည်း Frankie က ပြောကြားခဲ့ပါတယ်။
Ref : www.dailymail.co.uk