အဆိုတော်အဖြစ်နဲ့ အောင်မြင် ကျော်ကြားခဲ့ရုံမကဘဲ စီးပွားရေးလုပ်ငန်းရှင်၊ ဖက်ရှင် ဒီဇိုင်နာအဖြစ်နဲ့ပါ အောင်မြင်မှုတွေ စိုက်ထူနေတဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာ ဖက်ရှင် မဂ္ဂဇင်းတခုနဲ့ အင်တာဗျူးမှာ သူမရဲ့ အသားရေ လှပမှု လျှို့ဝှက်ချက်ကို ဖွင့်ဟပြောပြခဲ့ပါတယ်။
သူမ အသားရေအတွက် အရေပြား အထူးကုနဲ့ တိုင်ပင်ကြည့်လိုက်တဲ့အခါ နေ့စဉ် ဆယ်လ်မွန်ငါး စားပေးဖို့ အကြံပေးပါတယ်။ အသားရေ ပြဿနာလေးတွေ ရှိတဲ့သူမအတွက် နေ့တိုင်း ဆယ်လ်မွန်ငါး စားပေးရုံနဲ့ အသားရေ ကြည်လင်စေမယ်လို့ ဆိုပါတယ်။
ဆယ်လ်မွန်ငါးကို မနက်စာဖြစ်ဖြစ်၊ နေ့လယ်စာဖြစ်ဖြစ် မဟုတ်လည်း ညစာ ဖြစ်ဖြစ် တနပ်စာလောက် ပါအောင် စားပေးရင် အသားရေ ကြည်လင်လှပအောင် အထောက်အကူပြုနိုင်တယ်လို့ အရေပြား အထူးကုက အကြံပေးခဲ့တယ်လို့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ဆယ်လ်မွန်ငါးနဲ့ တခြား အဆီဓာတ်များတဲ့ ငါးအသားတွေမှာ Omega-3 အပါအဝင်၊ ဗီတာမင် အေနဲ့ ဗီတာမင် စီ အများအပြား ပါဝင်လို့ အသားရေ စိုပြေဝင်းပစေပါတယ်။ အဆိုပါ အာဟာရဓာတ်တွေဟာ အသားရေကို အစိုဓာတ် ထိန်းပေးရုံတင်မကဘဲ အတွင်းပိုင်းကနေ ကျန်းမာအောင် ထောက်ပံ့ပေးနိုင်ပါတယ်။
ဥရောပ ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးအရ Omega-3 နဲ့ ဗီတာမင်ဓာတ် ကြွယ်ဝတဲ့ ငါးအသားနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် ပုံမှန်စားသူတွေဟာ တခြားသူတွေထက် ဝက်ခြံအထွက် နည်းပြီး ကြည်လင်ဝင်းပတဲ့ အသားရေကို ပိုင်ဆိုင်နိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ် လေ့လာချက်တခုမှာလည်း အဆီဓာတ်များတဲ့ ဆယ်လ်မွန်ငါးဟာ ဝက်ခြံအထွက်များခြင်းကို သက်သောလျော့ပါးစေတယ်လို့ ဖော်ပြထားပါတယ်။
ဗစ်တိုးရီးယားဘက်ခမ်းရဲ့ အရေပြားအထူးကု ဒေါက်တာလန်စာကတော့ ကင်ထားတဲ့ ဆယ်လ်မွန်အသားဟာ အသားရေလှပမှုအတွက် အကောင်းဆုံး လျှို့ဝှက်ချက်ပါပဲလို့ အကြံပေးထားပါတယ်။ အသားရေကျန်းမာဖို့ကို ဂရုမစိုက်ဘဲ အရင်လို အဆီများတဲ့ အသင့်စား အစားအစာတွေ၊ အကြော်တွေနဲ့ ချိစ်တွေအများကြီး စားနေဦး မယ်ဆိုရင်တော့ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ Skincare တွေသုံးနေပါစေ သဘာဝအတိုင်း ကြည်လင်ဝင်းပတဲ့ အသားရေကို ရာနှုန်းပြည့် ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။
အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းကြီးကတော့ ဆယ်လ်မွန်ငါးက သင့်အကြိုက် မဟုတ်ဘူးဆိုရင် အဲဒီအစား မက်ကရယ်ငါး၊ ငါးသလောက်၊ ဆာဒင်းငါးတွေကလည်း အာဟာရတန်ဖိုးချင်း အတူတူပါပဲလို့ ဆိုပါတယ်။ နေ့စဉ် မဟုတ်တောင် ဆယ်လ်မွန်ငါးကို တပတ် သုံးကြိမ်လောက် စားပေးရုံနဲ့ လူတိုင်းငေးမောလောက်တဲ့ အသားရေကို ပိုင်ဆိုင်နိုင်မယ့်အကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။
Ref: Harper Bazaar