လူဦးရေ ထူထပ်လာတာနဲ့အမျှ နောက်ဆက်တွဲ ပြဿနာတခုအဖြစ် တည်ရှိနေတာကတော့ အမှိုက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေ များပြားလာတာပဲ ဖြစ်ပါတယ်။ ၂ နာရီ ကြာတိုင်း ကြာတိုင်း ကွန်တိန်နာ သင်္ဘော တစီးအပြည့်ရှိတဲ့ အမှိုက်တွေဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ စွန့်ပစ်နေကြတာဖြစ်ပြီး ဒီလို ထူထပ်များပြားလာတဲ့ အမှိုက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ခေတ်မီနည်းပညာတွေ အကူအညီနဲ့ နိုင်ငံတကာမှာ ပြန်လည် အသုံးချနေကြပါပြီ။
အခုဖော်ပြပေးမှာကတော့ နိုင်ငံတကာမှာ စွန့်ပစ်ပစ္စည်းတွေကနေ ပြန်လည် တန်ဖိုးရှိလာအောင် အသုံးပြုနေကြတဲ့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။
(၁) မက္ကဆီကန်ကုမ္ပဏီတခုဖြစ်တဲ့ Biofase ကတော့ နေ့စဉ်သုံး မီးဖိုချောင်ပစ္စည်းတွေဖြစ်တဲ့ ခက်ရင်း၊ ဇွန်းနဲ့တူ အစရှိတာတွေကို ထောပတ်သီးအခွံကို အသုံးပြုကာ တခါသုံးပစ္စည်းတွေအဖြစ် ဖန်တီးပြုလုပ်လာပါတယ်။ ပလပ်စတစ် အစားထိုးအနေနဲ့ ဒီလိုမျိုး ဖန်တီးပြုလုပ်လာခြင်းဟာ သဘာဝ ပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှု တခုဆိုရင်လည်း မမှားပါဘူး။
(၂) ပလတ်စတစ်ပစ္စည်းတွေကို လျှော့ချနိုင်ဖို့အတွက် ခေတ်မီနည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ ဒီစက်ဟာ ဆိုရင်တော့ ပလတ်စတစ်နဲ့ သံဘူးတွေကို စက်ထဲ ထည့်လိုက်ရုံနဲ့ သင့်ကို ငွေအကြွေအချို့ ပြန်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ တူရကီနိုင်ငံ အစ်စတန်ဘူလ်မြို့နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တို့မှာ အသုံးပြုနေကြပြီး ကမ္ဘာတဝှမ်းမှာ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ဖို့ စတင် လုပ်ဆောင်နေကြပါတယ်။
(၃) နည်းပညာတွေ ဘယ်လိုပဲ တိုးတက်နေပါစေ သတင်းစာတွေကတော့ နေ့စဉ်နဲ့အမျှ ဆိုသလို ကျယ်ပြန့်စွာ ဖတ်ရှုနေကြဆဲဖြစ်သလို အလေအလွင့်တွေအဖြစ်လည်း နေ့စဉ်နေ့တိုင်း ရှိနေကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဂျပန်လူမျိုး ဒီဇိုင်နာတဦးဖြစ်တဲ့ Yoshiaka Ono ကတော့ သတင်းစာတွေကနေ အပင်တွေအဖြစ် ပြောင်းလဲ ဖန်တီးလိုက်ပါပြီ။
သူဖန်တီးဒီဇိုင်းဆွဲထားတဲ့ သတင်းစာကတော့ The Mainichi အမည်ရ သတင်းစာဖြစ်ပြီး သတင်းတွေဖတ်ရှုပြီးတာနဲ့ ဒီသတင်းစာကို မြေကြီးထဲမှာ မြှုပ်နှံရမှာပါ။ ပြီးရင်တော့ အပင်စိုက်သလို ရေကိုပုံမှန်လောင်းပေးရုံနဲ့ သတင်းစာ ဆိုဒ်အတိုင်းရှိတဲ့ စိုက်ခင်းငယ် တခင်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၄) စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်သရိုက်တွေကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာမှာတော့ The Zero Waste ဆိုတဲ့ လှုပ်ရှားမှုကို ဈေးဝယ်စင်တာ အများစုမှာ ပြုလုပ်လာနေကြပါပြီ။ ပစ္စည်းတွေ ဝယ်ယူပြီးသယ်ဆောင်ဖို့အတွက် ဈေးဝယ်စင်တာကနေ ဘယ်လို ပလတ်စတစ်အိတ်မျိုးကိုမှ ပေးမှာ မဟုတ်ဘဲ မိမိဘာသာ အိမ်ကနေ အိတ်နဲ့ ထည့်စရာ အသုံးအဆောင်ပစ္စည်းတွေကို တပါတည်း သယ်ယူလာရမှာ ဖြစ်ပါတယ်။
Ref : brightside.me