ကမ္ဘာပေါ်က စိတ်အချမ်းသာဆုံး နိုင်ငံတွေရဲ့ စာရင်းကို မတ်လ၂၀ ရက်နေ့တုန်းက ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန် ကြေညာပေးခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ သတ်မှတ်ချက်အရဆိုရင်တော့ စိတ်အချမ်းသာဆုံးစာရင်းကို ထုတ်ပြန် ကြေညာပေးတဲ့အခါ အချက် ၆ ချက်ကို အခြေခံထားပါတယ်။ အဲဒီ အချက်တွေကတော့
(၁) တဦးချင်းဝင်ငွေ
(၂) လွတ်လပ်မှု
(၃) ယုံကြည်မှု
(၄) ကျန်းမာရေး
(၅) လူမှုရေး အထောက်အပံ့နဲ့
(၆) ရက်ရောမှုတို့ပါပဲ။
အဲဒီ အချက် ၆ ချက်ကို အခြေခံပြီးတော့ ကမ္ဘာပေါ်က စိတ်အချမ်းသာဆုံး နိုင်ငံ ၁၀ နိုင်ငံရဲ့ စာရင်းတွေကို ထုတ်ပြန် ကြေညာပေးခဲ့ပါတယ်လို့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တဲ့ အယ်ဒီတာတယောက်ဖြစ်တဲ့ John Helliwell က ပြောပါတယ်။ John Helliwell ကတော့ British Columbia တက္ကသိုလ်က ဂုဏ်ထူးဆောင် ဘောဂဗေဒ ပါမောက္ခတယောက်ပါ။
“ပြီးခဲ့တဲ့ နှစ်တွေထဲမှာတော့ ဖင်လန်နိုင်ငံဟာ စိတ်အချမ်းသာဆုံး နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း လူအတော်များများက ဖင်လန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်လာခဲ့ကြပါတယ်”လို့ Helliwell က ဆက်ပြောပါတယ်။
ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရဆိုရင်တော့ ကမ္ဘာပေါ်မှာ စိတ်အချမ်းသာဆုံး နိုင်ငံ ၁၀ နိုင်ငံကတော့
(၁) ဖင်လန်နိုင်ငံ
(၂) ဒိန်းမတ်နိုင်ငံ
(၃) နော်ဝေနိုင်ငံ
(၄) အိုက်စလန်နိုင်ငံ
(၅) နယ်သာလန်နိုင်ငံ
(၆)ဆွစ်ဇာလန်နိုင်ငံ
(၇) ဆွီဒင်နိုင်ငံ
(၈) နယူးဇီလန်နိုင်ငံ
(၉) ကနေဒါနိုင်ငံ နဲ့
(၁၀) သြစတြေးလျ နိုင်ငံတို့ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် အစီရင်ခံစာအရ ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့စိတ်အချမ်းသာဆုံးနိုင်ငံတွေရဲ့စာရင်းမှာ နံပါတ် ၅ နေရာ ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာဆိုရင်တော့ နံပါတ် ၁၉ နေရာကို ရောက်ရှိ သွားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံက ၂၀၁၇ မှာ နံပါတ် ၁၈ နေရာရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ နံပါတ် ၁၅ နေရာကို ရောက်လာခဲ့သလို ဂျာမနီနိုင်ငံကတော့ နံပါတ် ၁၅ နေရာကနေ နံပါတ် ၁၇ နေရာကို ရောက်သွားခဲ့ပါတယ်။
ဂျပန်နိုင်ငံကလည်း နံပါတ် ၅၄ နေရာကနေ နံပါတ် ၅၈ နေရာ ရောက်သွားခဲ့သလို ရုရှားနိုင်ငံက နံပါတ် ၅၉ ကနေ နံပါတ် ၆၈ ၊ တရုတ်နိုင်ငံကလည်း နံပါတ် ၈၆ ကနေ နံပါတ် ၉၃ ရောက်သွားခဲ့ကြပါတယ်။
နိုင်ငံပေါင်း ၁၅၆ နိုင်ငံကို ခြုံငုံလေ့လာချက်တွေအရဆိုရင် စိတ်မချမ်းသာဆုံးနိုင်ငံတွေ စာရင်းမှာ တောင်ဆူဒန်နိုင်ငံက နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။ ကုလသမဂ္ဂအနေနဲ့ စိတ်အချမ်းသာဆုံး နိုင်ငံတွေရဲ့ စာရင်းကိုထုတ်ပြန်ခဲ့သလို ပျော်ရွှင်မှုအနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံရဲ့ စာရင်းကိုပါ ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရဆိုရင်တော့ ပျော်ရွှင်မှုအနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံကတော့
(၁) တောင်ဆူဒန်နိုင်ငံ
(၂) ဗဟိုအာဖရိက သမ္မတနိုင်ငံ
(၃) အာဖဂန်နစ္စတန်နိုင်ငံ
(၄) တန်ဇန်းနီးယားနိုင်ငံ
(၅) ရဝမ်ဒါနိုင်ငံ
(၆) ယီမင်နိုင်ငံ
(၇) မာလာဝီနိုင်ငံ
(၈) ဆီးရီးယားနိုင်ငံ
(၉) ဘော့ဆွာနာနိုင်ငံနဲ့
(၁၀) ဟေတီနိုင်ငံတို့ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ မတ်လ ၂၀ ရက်နေ့ကို “World Happiness Day” အဖြစ် သတ်မှတ်ပေးခဲ့သလို ၁၉၉၉ ခုနှစ်မှာဆိုရင်လည်း မတ်လ ၂၁ ရက်နေ့ကို “ကမ္ဘာ့ကဗျာနေ့” အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
Ref : edition.cnn