မူလတန်းကျောင်းတခုမှာ KFC, McDonald’s စတဲ့ အသင့်စား စားသောက်ဆိုင်တွေက မုန့်တွေ ပို့ခွင့်ကို ပိတ်ပင် လိုက်ပါတယ်။ မိဘတွေ အနေနဲ့ ထမင်းဘူးပြင်ပေးတာ ဒါမှမဟုတ် ကျောင်းက မုန့်ဆိုင်တွေမှာ မုန့်မှာစားခိုင်းတာတွေ ပြုလုပ်သင့်ကြောင်းကို ကျောင်းအုပ်ကြီးဖြစ်သူ Ben Matthews က မေတ္တာရပ်ခံလိုက်ပါတယ်။
“Canley Vale Public School” လို့ အမည်ရတဲ့ အဲဒီကျောင်းရဲ့ Facebook စာမျက်နှာမှာ တရားဝင် မေတ္တာရပ်ခံခဲ့တာပါ။ ကလေးတွေကို မုန့်ပို့သမားတွေက တဆင့် အသင့်စားမုန့်တွေ ဆီကြော်မုန့်တွေ ပို့ခိုင်းတာမျိုးကို မလုပ်စေချင်ပါဘူးလို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။ ကျောင်းသား မိဘတဦးကတော့ ကလေးတွေက အဲဒီမုန့်တွေကို ကြိုက်လို့ ပို့ရတာဖြစ်တယ်လို့ စောကဒ တက်ထားပါသေးတယ်။
ကျောင်းရဲ့ မိဘအုပ်ထိန်းမှုဆိုင်ရာ ကျွမ်းကျင်သူဖြစ်တဲ့ Dr Justin Coulson က “ဒီလို အသင့်စား အစားအသောက်နဲ့ ဖြစ်သလို စားခိုင်းတာဟာ တာဝန်ယူမှု မရှိတာပါပဲ။ မိဘတွေ အနေနဲ့ ဒီထက်ပိုပြီး တာဝန်ကျေဖို့ လိုအပ်ပြီး ကလေးတွေကို ဒီထက် ဂရုစိုက်သင့်ပါတယ်။ သူတို့လေးတွေက အခုမှ မူလတန်းပဲ ရှိပါသေးတယ်။ ဒီလို လက်လွတ်စပယ် မပြုလုပ်သင့်ဘူး” လို့ ဆိုပါတယ်။
ကျောင်းရဲ့ အစားအသောက်တာဝန်ခံက “မိဘတွေဟာ ကလေးတွေကို အသားညှပ်ပေါင်မုန့်၊ အရွက်သုတ်၊ အသီးအနှံ၊ ကြက်ဥနဲ့ ဒိန်ချဉ် တွေ ထည့်ပေးသင့်တယ်။ အဲဒါတွေ အစားသူတို့က ကလေးတွေကို အာလူးကြော်နဲ့ ဟမ်ဘာဂါတွေ ဆီအများကြီးနဲ့ ကြော်ထားတဲ့ ကြက်သားတွေကို ပို့ပေးနေတယ်” လို့ Daily Telegraph ကို ဖြေကြားခဲ့ပါတယ်။
ကျောင်းရဲ့ တရားဝင် Facebook စာမျက်နှာမှာတော့ “လေးစားရပါသော မိဘများ ခင်ဗျာ။ ကျနော်တို့ ကျောင်းမှာတက်နေတဲ့ ကလေးတွေကို KFC, McDonald အစရှိတဲ့ ဆိုင်တွေက အသင့်စား အစားအသောက်တွေကို နေ့လယ်စာ အဖြစ် ပို့ပေးခြင်းကို ပိတ်ပင်လိုက်ပါပြီ။ ကျောင်းမှာ လာပို့တဲ့ ပစ္စည်းပို့သမားတွေကိုလည်း လက်မခံတော့ပါဘူး”
“သင့်ကလေးကို ကိုယ်တိုင် နေ့လယ်စာ ပြင်ဆင်ပေးတာမျိုး ဒါမှ မဟုတ်ရင် ကျောင်းကန်တင်းမှာ ရောင်းချတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တာတွေကို စားခိုင်းတာမျိုး ပြုလုပ်စေလိုပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအတွက် ဒီလို ပြုလုပ်ရတာကို နားလည်စေလိုပါတယ်။ ပါဝင်ပူးပေါင်းမှုအတွက် ကျေးဇူးတင်ပါတယ် ” လို့ တင်ထားတာကို တွေ့ရပါတယ်။
ဒီကျောင်းရဲ့ လုပ်ရပ်ကို အခြားကျောင်းတွေကလည်း အတုယူဖို့ လိုအပ်တယ်လို့ ပညာရေးဌာနရဲ့ ပြောရေးဆိုခွင့် ရှိသူတွေက မှတ်ချက်ပေးခဲ့ပါသေးတယ်။
Ref ; dailymail