“Under” ဆိုတဲ့ ကမ္ဘာ့အကြီးမားဆုံး ရေအောက်စားသောက်ဆိုင်ဟာ နော်ဝေးနိုင်ငံမှ ာတည်ရှိတဲ့ စားသောက်ဆိုင် တဆိုင်ဖြစ်ပြီး စားသုံးသူ အယောက် ၁၀၀ ကို တပြိုင်နက်တည်း တည်ခင်း ဧည့်ခံနိုင်ဖို့အတွက် စားပွဲတွေကို ခင်းကျင်းထားပါတယ်။
ဥရောပ တဝှမ်းမှာတော့ “Under” ဟာ ပထမဆုံး ရေအောက်စားသောက်ဆိုင် ဖြစ်တဲ့အပြင် ရေအောက် သက်ရှိ လောကကို လေ့လာနေတဲ့ သုတေသန အဆောက်အဦ တခုအဖြစ်လည်း တည်ရှိနေတာပါ။ Snohetta အဖွဲ့ကနေ ဒီဇိုင်းထုတ်လုပ် တည်ဆောက်ခဲ့ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ Under ကို စတင် ဖွင့်လှစ်ခဲ့တာကြောင့် ခရီးသွားအများစုရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ နေရာတခုဆိုလည်း မမှားပါဘူး။
နော်ဝေး ဘာသာစကားအရ ဆိုရင်တော့ Under ဟာ အောက်ဘက်နဲ့ ဆန်းကြယ်မှုလို့ အဓိပ္ပာယ်ရပြီး ၁၁၁ ပေ ရှည်လျားတဲ့ အဆောက်အဦရဲ့ တဝက်ကို ပင်လယ်ထဲ နှစ်မြှုပ်ထားကာ ကျန် တဝက်ကတော့ ကုန်းမြေပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ စားသောက်ဆိုင်ထဲကနေ ရေအောက်ရှုခင်းနဲ့ ရေနေသတ္တဝါတွေရဲ့ လှုပ်ရှားသွားလာမှုကို ကြည့်ရှုနိုင်အောင် ဒီဇိုင်းဆွဲထားတဲ့အပြင် အင်္ဂတေ အပေါ်ယံသားတွေနဲ့ လူလုပ် သောင်ပြင်တခုလို တွေ့မြင်ကြရမှာပါ။
ဒါ့အပြင် ထူထဲတဲ့ အင်္ဂတေနံရံတွေကို ဖိအားနဲ့ ပင်လယ်လှိုင်းတွေရဲ့ ဒဏ်ကိုခံနိုင်အောင် တည်ဆောက် ထားတာ ဖြစ်တဲ့အတွက် စားသောက်ဆိုင်ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံတွေကနေ မြင်ရမယ့် မြင်ကွင်းတိုင်းဟာ ရေအောက် အဝေးကြည့်မှန်ပြောင်း တခုနဲ့တောင် ဆင်တူနေပါတယ်။
မှန်သားပြတင်းပေါက် အကျယ်ကြီးတွေနဲ့ ရေအောက်ပင်လယ်ရဲ့ မြင်ကွင်းတွေဟာ ရာသီဥတုနဲ့ မိုးလေဝသအခြေအနေတွေအပေါ် မူတည်ပြီး ပြောင်းလဲနေမှာဖြစ်တဲ့အတွက် စားသောက်ရင်း အပန်းဖြေသူတွေအဖို့ နှစ်လိုဖွယ် ကောင်းနေမှာ အသေအချာပါပဲ။
Snohetta အဖွဲ့ရဲ့ တည်ထောင်သူ၊ ဗိသုကာပညာရှင် တဦးဖြစ်တဲ့ Kjetil Trædal Thorsen ကတော့ “Under ဟာ သဘာဝ ခရီးတခုအတွက် လေ့လာမှုတွေကို နယ်မြေမျဉ်းတွေနဲ့ ပိုင်းခြားထားတဲ့ နေရာ တခုပါ။ ဒါ့အပြင် နော်ဝေးတောင်ပိုင်းရဲ့ ပြယုဂ်တခုဖြစ်ပြီး စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ အတူတကွ နေထိုင်နိုင်စွမ်းကို ဖော်ထုတ်ပြသရာလည်း ရောက်ပါတယ်”လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။
Ref : www.boredpanda.com