ဘဝမှာ ကျရှုံးတာတွေ၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့ အဆင်မပြေတာတွေ များလာရင် ကိုယ့်ကိုယ်ကို သတ်သေမယ် ဆိုတဲ့ အတွေးတွေ ပေါ်လာတတ်ပါတယ်။ တယောက်တည်းနေတဲ့ အခါတွေမှာ ဒီလို အတွေးတွေ ပေါ်လာရင် ကာကွယ်နိုင်အောင် ကြိုတင် ပြင်ဆင်ထားသင့်တဲ့ နည်းလမ်းတွေကို ဆရာဝန်တွေက ထုတ်ဖော်ပြောထားပါတယ်။ ဒါမှမဟုတ် သင့်မိတ်ဆွေ တယောက်ယောက်က သူ့ကိုယ်သူ သတ်သေမယ့် အကြောင်းတွေ ပြောလာရင် ပြုလုပ်ပေးနိုင်တာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) မျှော်လင့်ခြင်း သေတ္တာ
သင့်အပေါင်းအသင်းနဲ့ မိတ်ဆွေတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေဖို့ အတွေးတွေ ဖြစ်ပေါ်နေတယ်ဆိုရင် သူတို့ကို မျှော်လင့်ခြင်း သေတ္တာလေး လက်ဆောင်ပေးသင့်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားပါတယ်။ အဲဒီ သေတ္တာထဲမှာ သူ့ဘဝအတွက် အရေးပါတဲ့အရာ၊ သူပျော်ရွှင်ခဲ့တဲ့ ပုံတွေကို ထည့်ပေးပြီး အခြားလူတယောက်အတွက် သူဟာ အရေးပါနေသေးပါလား ဆိုတဲ့ အတွေးမျိုးဝင်စေမယ့် စာလေးတွေကိုပါ ရေးပေးသင့်ပါတယ်။
(၂) အသက်ရှုပါ
တကယ့် တကယ်တမ်း သတ်သေမယ်ဆိုတဲ့ အတွေးတွေကို ဆုံးဖြတ်ချက် မချသေးခင် နေ့စဉ်နဲ့အမျှ တွေးနေတဲ့ အတွေးတွေထဲမှာ သတ်သေချင်တဲ့ အကြောင်းအရာတွေ ပါလာပြီဆိုရင် အသက်ကို ဖြည်းဖြည်းချင်းရှုဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တဦးကတော့ “လူတွေဟာ စိတ်ဓာတ်အရမ်းကျတဲ့ အခါ သူတို့ ဘာကိုမှ မခံစားရတော့ဘူးလို့ ပြောလေ့ရှိပါတယ်။ တကယ်တော့ အသက်ရှုတဲ့ ပုံစံတွေ ပြောင်းသွားလို့ စိတ်တွေ ဒီလို ဖြစ်လာရတာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်ကို ခပ်ဖြည်းဖြည်း ရှုခြင်းက သင့်ကို ပုံမှန် အသိစိတ် ပြန်ဝင်အောင် လုပ်ပေးလိမ့်မယ်” လို့ ဆိုပါတယ်။
(၃) အထီးကျန်မှုကို ရှောင်ပါ
လူ့သဘာဝက တယောက်တည်းနေတဲ့ အခါတွေမှာ ပိုပြီး အထီးကျန်လေ့ရှိသလို မတွေးသင့်တဲ့ အတွေးဆိုးတွေကိုလည်း တွေးလေ့ ရှိတတ်ပါတယ်။ ဒါကြောင့် အဲဒီလို မဖြစ်ရအောင် အထီးကျန်စေမယ့် အရာတွေကို ရှောင်ပြီး နေဖို့ လိုအပ်ပါတယ်။ သင့်အိမ်မှာ တိရစ္ဆာန်လေးတွေ မွေးထားမယ်ဆိုရင် သူတို့နဲ့ ဆော့ကစားခြင်းကလည်း အထီးကျန်စိတ်ကို လျော့ချပေးနိုင်ပါတယ်။
အထီးကျန်တဲ့ စိတ်တွေ ကြီးစိုးလာတဲ့အခါမျိုးမှာ သင့်အကြောင်းကို နားလည်ပေးနိုင်မယ့် တစုံတယောက်ကို ဖုန်းခေါ်တာမျိုး ဒါမှမဟုတ် မက်စေ့ချ် ပို့တာမျိုးတွေ ပြုလုပ်ပါ။ သင့်ကို ဖုန်းခေါ်လာတဲ့ မိတ်ဆွေက သတ်သေမယ့် အကြောင်းတွေကို မကြာခဏပြောလေ့ ရှိသူဆိုရင် သူ့ဖုန်းကို ကိုင်ဖြစ်အောင် ကိုင်ခြင်းဖြင့် ကူညီပါ။
(၄) လူများတဲ့ နေရာကို သွားပါ
သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင် တယောက်ယောက်ကို ဖုန်းခေါ်လို့ မရတာတွေ ဖြစ်လာခဲ့ရင် အများနဲ့ သက်ဆိုင်တဲ့ နေရာတွေကို သွားပါ။ အဲဒီလို အခြေအနေမျိုးမှာ အခန်းထဲအောင်းပြီး အတွေးနယ်လွန်တာက သင့်ရဲ့ စိတ်အခြေအနေကို ပိုပြီး ဆိုးရွားသွားစေနိုင်ပါတယ်။ ဒါကြောင့် ပန်းခြံ၊ ဈေး နဲ့ ပွဲတော်တွေ ရှိတဲ့ နေရာကို ထပြီး သွားဖို့ အကြံပေးချင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ထွက်ပေါက်ကို ရစေမယ့် အကြောင်းအရင်း တခု ဖြစ်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို မပြုလုပ်သင့်ပါဘူး။
Ref ; lifehack