ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က Time Out မီဒီယာ ကုမ္ပဏီကြီးတခုက စစ်တမ်းတစောင် ပြုစုခဲ့ပါတယ်။ အဲဒီ စစ်တမ်းကတော့ ကမ္ဘာပေါ်မှာ လူတွေ နေထိုင်ဖို့ သင့်တော်တဲ့ မြို့ကြီးတွေ အကြောင်းပါ။ ဒီစစ်တမ်းကိုတော့ မြို့ကြီးပေါင်း ၃၄၀၀၀ မှာ နေထိုင်ကြတဲ့ လူတွေကို မေးမြန်းပြီး စစ်တမ်းတစောင် အနေနဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒီစစ်တမ်းမှာဆိုရင်တော့ အစားအသောက်၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်၊ ပျော်ရွှင်မှု၊ မြို့အလှအပ၊ လုံခြုံရေး စတဲ့ အချက်တွေပေါ် အခြေခံထားပါတယ်။
၂၀၁၉ ခုနှစ်မှာ အကောင်းဆုံး မြို့ကြီးတွေကတော့ ၄၈ မြို့အထိ ရှိပြီး အမေရိကန်ပြည်ထောင်စုရဲ့ နယူးယောက်စီးတီးက နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်မှာ ဘယ်မြို့ကြီးတွေဟာ အကောင်းဆုံး မြို့ကြီးတွေလဲ ဆိုတဲ့အကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁) နယူးယောက်စီးတီး
NYC လို့ သိထားကြတဲ့ နယူးယောက်စီးတီးကို လူတွေခေါ်လေ့ရှိတဲ့ နောက်ထပ် အမည်တမျိုးကတော့ “Big Apple” ပါ။ နယူးယောက်မြို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး မြို့တမြို့အဖြစ် မဲပေး ရွေးချယ်ခံခဲ့ရပါတယ်။ နယူးယောက်ဟာ အစားအသောက် သန့်ရှင်းကောင်းမွန်တဲ့ မြို့တမြို့ ဖြစ်သလို ယဉ်ကျေးမှုတွေ ပေါင်းစုံနေတဲ့ နေရာတနေရာပါ။ ဒါကြောင့်လည်း နယူးယောက်စီးတီးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးမြို့အဖြစ် လူတွေက ရွေးချယ်ခဲ့ကြပါတယ်။
(၂) မဲလ်ဘုန်းမြို့
မဲလ်ဘုန်းမြို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့တွေထက်မဆို သာတဲ့ အချက်တချက် ရှိပါတယ်။ အဲဒါကတော့ ဂီတပွဲတော်တွေပါ။ Time Out မီဒီယာရဲ့ အညွှန်းကိန်းတွေထဲမှာဆိုရင်လည်း မဲလ်ဘုန်းမြို့သား ၄ ပုံ ၁ ပုံလောက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ထဲကပဲ ဂီတဖျော်ဖြေပွဲတွေဆီ သွားရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ Time Out မီဒီယာကုမ္ပဏီရဲ့ ခန့်မှန်းချက်အရဆို မဲလ်ဘုန်းမြို့ဟာ ကမ္ဘာပေါ်မှာ ဒုတိယအကောင်းဆုံး မြို့ဖြစ်သလို အစားအသောက်၊ ပျော်ရွှင်စရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေမှာ ဒုတိယနေရာက ရပ်တည်နေခဲ့ပါတယ်။
(၃) ချီကာဂိုမြို့တော်
ချီကာဂိုမြို့တော်ကလည်း ကမ္ဘာပေါ်မှာ နေထိုင်ဖို့ အကောင်းဆုံး မြို့ကြီးတွေရဲ့ စာရင်းမှာ ပါဝင်နေပါတယ်။ ချီကာဂိုမြို့ရဲ့ ညလယ်စာ အဆာပြေ စားသောက်ရတဲ့ အစားအသောက်တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးပါပဲ။ လူနေမှုပုံစံနဲ့ ပျော်ရွှင်မှုမှာလည်း ချီကာဂိုမြို့တော်က ပထမနေရာမှာ ရှိနေပါတယ်။
(၄) လန်ဒန်မြို့
ဗြိတိန်အစိုးရရဲ့ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ရာဇဝတ်မှုတွေ မြင့်တက်နေပေမယ့် လူတွေက လန်ဒန်မြို့ကို အကောင်းဆုံး မြို့တမြို့အဖြစ် ရွေးချယ်ပေးခဲ့ကြပါတယ်။ လန်ဒန်မှာ နေထိုင်ကြသူ ၈၀ ရာခိုင်နှုန်းကတော့ လန်ဒန်မြို့ကြီးဟာ ပျော်ရွှင်စရာကောင်းတဲ့ မြို့တမြို့လို့ ခံယူထားကြပြီး ၆ ရာခိုင်နှုန်းလောက်ကသာ လန်ဒန်မှာ နေထိုင်ရတာ မလုံခြုံဘူးလို့ ခံယူထားကြပါတယ်။
နောက်ထပ် နေထိုင်ဖို့ သင့်တော်တဲ့ မြို့ကြီးတွေကတော့ Los Angeles မြို့၊ Montreal မြို့၊ ဘာလင်မြို့၊ Glasgow မြို့၊ ပဲရစ်မြို့၊ တိုကျိုမြို့၊ မက်ဒရစ်မြို့၊ ကိပ်တောင်းမြို့၊ Las Vegas မြို့၊ မက္ကဆီကိုစီးတီး၊ မန်ချက်စတာမြို့၊ ဖီလာဒဲလ်ဖီးယားမြို့၊ ဘာစီလိုနာမြို့၊ Buenos Aires၊ လစ္စဘွန်းမြို့၊ ဝါရှင်တန်ဒီစီ၊ တဲလ်အဗစ်၊ မွမ်ဘိုင်း၊ တိုရွန်တို၊ ဘာမင်ဂမ်၊ ဒဗ္ဗလင်၊ ဆောပိုလို၊ မိုင်ယာမီ၊ ပေါ်တို၊ စင်ကာပူ၊ အီဒင်ဘတ်၊ ဆန်ဖရန်စ္စကို၊ ဒူဘိုင်း၊ မြူးနစ်၊ ဗီယင်နာ၊ ရှန်ဟိုင်း၊ မော့စကို၊ ဒေလီ၊ ဆီယက်တဲလ်၊ ဆစ်ဒနီ၊ အဘူဒါဘီ၊ဟောင်ကောင်၊ ဘော်စတွန်၊ ရီယိုဒီဂျနရို၊ မားဆေး၊ ဘန်ကောက်၊ကွာလာလမ်ပူ၊ ဘေကျင်းနဲ့ အစ္စတန်ဘူလ်မြို့တို့ပဲ ဖြစ်ပါတယ်။
Ref : timeout