စူပါမားကတ်တွေမှာ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ဝယ်တဲ့အခါ ကြွပ်ကြွပ်အိတ် (ပလတ်စတစ်အိတ်) နဲ့ပဲ အလွယ်တကူ ထည့်သယ်သွားတာဟာ မြင်တွေ့နေကျ အရာပါ။
စူပါမားကတ်မှ မဟုတ်ပါဘူး၊ ဒီနေ့ခေတ်မှာ ဘယ်နေရာမှာမဆို ဈေးသက်သာပြီး အလွယ်တကူ သယ်သွားလို့ရတဲ့ ကြွပ်ကြွပ်အိတ်တွေ နေရာဝင်ယူလာတာဟာ ကမ္ဘာပေါ်မှာ ပလတ်စတစ်သုံးစွဲမှု များပြားလာတဲ့ ပြဿနာကို ဦးတည်လာပါတယ်။ ဒီပြဿနာကြီးကို ပြေလည်စေဖို့ နိုင်ငံတိုင်းမှာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဖြေရှာနေကြဆဲပါ။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ Rimping စူပါမားကတ်မှာတော့ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ ကြွပ်ကြွပ်အိတ်အစားထိုး အဖြစ် ငှက်ပျောရွက်တွေကို အသုံးပြုပြီး စူပါမားကတ်မှာ ရောင်းချတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ထုပ်ပိုးပြင်ဆင်ထားပါတယ်။
Rimping စူပါးမားကတ်မှာ ပြောင်းလဲသုံးစွဲခဲ့တဲ့ ထုပ်ပိုးမှု စနစ်သစ်ကို နှစ်သက် သဘောကျခဲ့တာကြောင့် ထိုင်းနိုင်ငံမှ အမျိုးသားတဦးရဲ့ ဆိုရှယ် မီဒီယာပေါ် တင်ခဲ့တဲ့ ပို့စ်ဟာ ၂ ရက်အတွင်းမှာပဲ စံချိန်တင် ၁ သောင်း ၁ ထောင်ကျော် မျှဝေခဲ့ကြပါတယ်။
ချင်းမိုင်က Perfect Homes မှာ အလုပ်လုပ်နေတဲ့ ဆိုင်မွန် ဆိုတဲ့အမျိုးသားတယောက်ဟာ Rimping စူပါ မားကတ်ကို ဈေးဝယ်လာရင်း ပလစ်စတစ်အစားထိုး ငှက်ပျောရွက် ထုပ်ပိုးမှု ပုံစံအသစ်ကို တွေ့ရှိခဲ့ပြီး သဘောကျလို့ ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံတွေ တင်ခဲ့တာပါ။
တင်ခဲ့တဲ့ ဓာတ်ပုံတွေအောက်မှာ “ကျနော့် လက်ကိုင်ဖုန်းနဲ့ ရိုက်ခဲ့တဲ့ သာမန်ဓာတ်ပုံတွေ ဆိုပေမယ့် ဒီထုပ်ပိုးမှုပုံစံ အသစ်ဟာ အရမ်းကောင်းတဲ့ အိုင်ဒီယာပါ။ ကျနော် ကိုယ်တိုင် အရမ်းကို အံအားသင့်ခဲ့ရပြီး ပုံတွေကတဆင့် တခြားနေရာမှာပါ ကျယ်ကျယ်ပြန့်ပြန့် လိုက်လုပ်စေချင်ပါတယ်”လို့ ရေးထားပါသေးတယ်။
သူတင်ထားတဲ့ ဓာတ်ပုံအောက်မှာလည်း အပြုသဘောဆောင်တဲ့ မှတ်ချက်စကားတွေနဲ့ အကြံပြုချက်တွေ ရေးသားထားသလို တချို့ကလည်း “ဒီလို ငှက်ပျောရွက်နဲ့ အစားထိုး ထုပ်ပိုးမှုဟာ ပလတ်စတစ်သုံးစွဲမှုကို လုံးဝ ပပျောက်သွားအထိတော့ မလုပ်နိုင်သေးဘူး”လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီအကြောင်းအရာကို ဖတ်ရှုခဲ့ကြသူ အများစုကတော့ “ကြွပ်ကြွပ်အိတ် အစားထိုး ငှက်ပျောရွက် သုံးတာဟာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအတွက် ပထမအဆင့် အကောင်းဆုံးခြေလှမ်းပါပဲ”လို့ ဆိုပါတယ်။
Mothership တွင် ရေးသားထားသော (Thailand supermarket uses innovative banana leaves packaging to avoid excessive plastic usage) သတင်းအား ဆီလျော်အောင် ဘာသာပြန်ထားသည်။