April Fools’ Day ဟာ အနောက်နိုင်ငံတွေမှာ နှစ်စဉ် ဧပြီ လ ၁ ရက်နေ့တိုင်း ကျင်းပနေကျဖြစ်တဲ့ ရိုးရာပွဲနေ့ရက်ပဲ ဖြစ်ပါတယ်။ ယခင်ကတော့ April Fools’ Day နဲ့ ပတ်သက်ပြီး အယူအဆတွေ အများကြီး ရှိပေမယ့် အခုအချိန်မှာတော့ အပျော်အနေနဲ့သာ ကျင်းပတော့တာ ဖြစ်ပါတယ်။ ဟာသ ပြုလုပ်ရတာကို ကြိုက်နှစ်သက်သူတွေ အတွက် ပျော်စရာနေ့တနေ့ ဖြစ်လာပါတယ်။
အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ကမ္ဘာအရပ်ရပ်က နိုင်ငံတွေမှာ April Fools’ Day ကျင်းပကြပုံတွေပဲ ဖြစ်ပါတယ်။
(၁) ပြင်သစ်
ပြင်သစ်နိုင်ငံမှာတော့ April Fools’ day ကို Le Poisson d’Avril လို့ သိကြပါတယ်။ ဘာသာပြန်ရမယ်ဆိုရင် ဧပြီ ငါး လို့ အဓိပ္ပာယ်ရပါတယ်။ ပြင်သစ်တွေဟာ ချောကလက်တွေကို တကယ့် ငါးပုံစံ ပြုလုပ်ကြပြီး အဲဒီ ငါးတွေကို တိတ်နဲ့ ပတ်ကာ တယောက်ကို တယောက် ပစ်ပေါက်ခြင်းတွေ ပြုလုပ်ကြပြီး ငါးအရုပ်တွေကို နောက်ကျောမှာ ကပ်လေ့ ရှိပါတယ်။
(၂) ဖင်လန်
ဖင်လန်နိုင်ငံရဲ့ April Fools’ Day ကတော့ ထူးဆန်းပါတယ်။ တယောက်ယောက်ကို မြောက်ပိုင်းဒေသထွက် ငါးသလောက် ကျွေးခြင်းနဲ့ ဗွက်ရေ တိုက်ခြင်းတွေကို ပြုလုပ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
(၃) အီရန်
အီရန်နိုင်ငံရဲ့ နှစ်သစ်ကူးရက်ဟာ နှစ်တိုင်းလိုလို ဧပြီလ ၁ ရက်နေ့ ဒါမှမဟုတ် ၂ ရက်နေ့မှာ ကျရောက်လေ့ရှိပါတယ်။ အဲဒီနေ့တွေမှာ တယောက်နဲ့တယောက် စနောက်လေ့ရှိတယ်လို့ သိရပါတယ်။ အနောက်တိုင်းမှာ ကျင်းပနေကျ April Fools’ Day နဲ့ သက်ဆိုင်ခြင်း မရှိပေမယ့် ဧပြီလ ၁ ရက်နေ့မှာ အဖြူရောင် မုသားပြောခြင်းနဲ့ မိတ်ဆွေ အချင်းချင်း စနောက်ခြင်းတွေကို ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
(၄) အင်္ဂလန်
အင်္ဂလန်နိုင်ငံမှာတော့ April Fool နေ့မှာ စနောက်ချင်သူတွေ အနေနဲ့ နေမွန်း မတည့်ခင် စနောက်ကြရပါတယ်။ နေမွန်းတည့်ပြီးနောက်မှ စနောက်သူတွေကိုတော့ အရူးလို့ သတ်မှတ်ကြပါတယ်။ ဒါကြောင့် အောင်အောင်မြင်မြင် စနောက်ချင်သူတွေက မနက် စောစောထပြီး စနောက်ကြပါတယ်။
(၅) ရုရှား
ရုရှားနိုင်ငံမှာ April Fools’ Day ဆိုပြီး တရားဝင်ဖြစ်ခင်က ဧပြီလ ၁ရက်နေ့မှာ ရုရှားနိုင်ငံသားတွေဟာ ဆောင်းတွင်းက အအေးဓာတ်တွေကို ပျောက်ဖို့ အတွက် ဆောင်းရာသီကို မောင်းထုတ်တဲ့ အနေနဲ့ ထူးထူးဆန်းဆန်း အဝတ်တွေ ဝတ်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ April Fool ကို တရားဝင်ကျင်းပလာကြပြီး ပျော်ပွဲရွှင်ပွဲနဲ့ ဟာသပြောပွဲတွေ ကျင်းပကြပါတယ်။ နိုင်ငံသားတိုင်း ပျော်ရွှင်စွာ ရယ်မောစေနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဧပြီလ ၁ ရက်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
Ref ; afar.com