ကန်စွန်းဥကင်ဆိုင်မှာ ဈေးရောင်းသူအဖြစ် လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံက ခွေးလေး
လက်ရှိအချိန်မှာတော့ အိမ်မွေးခွေးလေးတွေဟာ အိမ်မှာ အလှမွေးမြူဖို့ သက်သက်တင် မဟုတ်ဘဲ သူတို့နဲ့ သင့်တော်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ် လုပ်ကိုင်လျက် ရှိနေပါပြီ။ အမြင်အာရုံချို့တဲ့သူတွေကို လမ်းပြအနေနဲ့ လုပ်ကိုင်ပေးတာ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ မှုခင်းဖြစ်ရပ်တွေနဲ့ မူးယစ်ဆေးဝါးတွေကို အနံ့ခံ ရှာဖွေပေးတာ စတာတွေကို လုပ်ကိုင်ပေးနေပြီပဲ ဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့် “Shibu” လို့်ခေါ်တဲ့ ဂျပန်ခွေးအမျိုးအစား ခွေးလေးကတော့ ကန်စွန်းဥကင်ဆိုင်မှာ ဈေးရောင်းချသူအဖြစ် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ခွေးချစ်သူတွေကြားမှာ ရေပန်းစားနေတဲ့ ၃ နှစ်သားအရွယ် Shibu ခွေးကလေး Ken-kun ဟာဆိုရင် ဂျပန်နိုင်ငံ Hokkaido ကျွန်းပေါ်က Sapporo မြို့မှာရှိတဲ့ ကန်စွန်းဥကင်ဆိုင် တဆိုင်မှာ ဈေးရောင်းသူအဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဒီကန်စွန်းဥကင်ဆိုင်မှာ သူရောင်းချပေးတဲ့ ပုံစံကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ ဈေးဝယ်သူ လာတဲ့အခါ ဒီခွေးလေးဟာ အသံပြုပြီး နှုတ်ဆက်၊ ဈေးဝယ်သူဟာ အသင့်ကင်ထားပြီးသား ကန်စွန်းဥကင်ကို အဖြူရောင်သေတ္တာထဲကနေ ထုတ်ယူ၊ ကန်စွန်းဥကင်အတွက် ကျသင့်ငွေ ယန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ) ကို ခွေးလေးဆီ ပေးတဲ့ စနစ်ပဲဖြစ်ပါတယ်။
ဂျပန်ခွေးအမျိုးအစား ခွေးလေးတွေဟာ သူတို့ ပျော်ရွှင်တဲ့အခါ ပြုံးရယ်တဲ့ မျက်နှာပေးကြောင့် ဂျပန်နိုင်ငံမှာ လူတွေနဲ့ ယဉ်ပါးလွယ်တာကြောင့်လည်း သူတို့ကို ဒီလိုမျိုး ပြုလုပ်စေတာပဲ ဖြစ်ပါတယ်။ ဒီဈေးရောင်းစနစ်ဟာဆိုရင်လည်း တဦးနဲ့တဦးယုံကြည်မှုကို အခြေခံတဲ့ Trust Based System ဖြစ်တာကြောင့် သင့်အနေနဲ့ ကန်စွန်းဥကင်ဝယ်ယူပြီး ကျသင့်ငွေ မပေးခဲ့ဘူးဆိုရင်လည်း ဒီခွေးလေး Ken-kun က သင့်ကို ကိုက်တာ၊ မာန်ဖီတာမျိုး ပြုလုပ်မှာ မဟုတ်ပါဘူး။
“Yakiimo” လို့ခေါ်တဲ့ ကန်စွန်းဥကင်ဟာဆိုရင် ဂျပန်နိုင်ငံမှာ ဆောင်းရာသီရောက်တိုင်း စားသုံးလေ့ရှိကြတဲ့ လမ်းဘေးအစားအစာ တမျိုးပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နေရာတိုင်းလိုလိုမှာ ဆောင်းရာသီရောက်တိုင်း ကန်စွန်းဥကင်ဆိုင်တွေကို တွေ့မြင်နိုင်မှာဖြစ်ပြီး ဥရောပနိုင်ငံတွေမှာ ဆောင်းရာသီအစားအစာ သစ်အယ်သီး မီးဖုတ်လိုပဲ Yakiimo လို့ခေါ်တဲ့ ကန်စွန်းဥကင်ဟာ ဂျပန်နိုင်ငံမှာ အစားများကြတဲ့ သရေစာတမျိုးပဲ ဖြစ်ပါတယ်။
အခုဖော်ပြပေးခဲ့တဲ့ Hokkaido ကျွန်းပေါ်က ဒီဆိုင်လေးကတော့ ရောင်းချသူ ခွေးလေး Ken-kun ကြောင့် လူအစားများနေကြတဲ့ ဆိုင်တဆိုင်ပဲ ဖြစ်ပါတယ်။
Ref. www.boredpanda.com