ကမ္ဘာပေါ်က အကောင်းဆုံး တက္ကသိုလ်တွေရဲ့စာရင်းကို Times Higher Education(THE) မဂ္ဂဇင်းက ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ ဒီမဂ္ဂဇင်းဟာ လန်ဒန်အခြေစိုက် မဂ္ဂဇင်းတစောင်ဖြစ်ပြီး အဆင့်မြင့်ပညာရေးနဲ့ ဆက်စပ်နေတဲ့သတင်းတွေ၊ ပညာရေး ပြဿနာတွေကို အထူးအစီရင်ခံ ဖော်ပြပေးနေတဲ့ မဂ္ဂဇင်းတစောင်ပါ။
ဒီမဂ္ဂဇင်းကြီးရဲ့ အစီရင်ခံစာအရဆိုရင်တော့ အောက်စဖို့ တက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေရဲ့ စာရင်းမှာ နံပါတ် ၁ နေရာက ရပ်တည်နေပါတယ်။ နောက်ထပ် နံပါတ် ၂ နေရာမှာ ရှိနေတဲ့ တက္ကသိုလ်က ဗြိတိန်နိုင်ငံရဲ့ ကင်းဘရစ်တက္ကသိုလ်ပါ။ ဒီတက္ကသိုလ် ၂ ခုစလုံးဟာ ၁၁ ရာစုနဲ့ ၁၃ ရာစုကြားလောက်မှာ တည်ထောင်ခဲ့တာဖြစ်သလို အောက်စဖို့ တက္ကသိုလ်ကတော့ ပိုပြီးရှေးကျပါတယ်။
မှတ်တမ်းမှတ်ရာတွေ အရဆိုရင်တော့ အောက်စဖို့တက္ကသိုလ်ဟာ ၁၁ ရာစု အစောပိုင်းလောက်ကတည်းက ပညာသင်ကြားရေးစနစ်ကို စတင်နေခဲ့ပါပြီ။ ကင်းဘရစ်တက္ကသိုလ်ကိုတော့ ၁၃ ရာစုလောက်မှာ စတင်တည်ထောင်ခဲ့တဲ့ အတွက် ကင်းဘရစ်တက္ကသိုလ်က အောက်စဖို့ ပြီးရင် ဒုတိယ သက်တမ်းအရင့်ဆုံး တက္ကသိုလ်တခုပါ။
Times Higher Education(THE) မဂ္ဂဇင်းရဲ့ သတ်မှတ်ချက်အရ ဆိုရင်တော့ နံပါတ် ၃ နေရာမှ ာရှိနေ တာက အမေရိကန်ပြည်ထောင်စုရဲ့ စတန်းဖို့ဒ် တက္ကသိုလ်ပါ။ ဒီတက္ကသိုလ်ကိုတော့ ၁၈၈၅ ခုနှစ်မှာ Leland နဲ့ Jane Stanford တို့က တည်ထောင်ခဲ့ကြပါတယ်။ ဒီတက္ကသိုလ်ကို တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အသက် ၁၅ နှစ်အရွယ်မှာ တိုက်ဖွိုက်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ သူတို့ရဲ့ကလေး Leland Stanford ဂျူနီယာအတွက် ရည်ရွယ်ဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

နောက်ထပ် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်ကတော့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်ပါ။ ဒီတက္ကသိုလ်ကလည်း Times Higher Education(THE) ရဲ့ အဆင့်သတ်မှတ်ချက်ထဲမှာ နံပါတ် ၄ နေရာက ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တည်ရှိတဲ့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်ကိုတော့ ၁၈၆၁ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဒီတက္ကသိုလ်ကတော့ ပုဂ္ဂလိက သုတေသန တက္ကသိုလ် တခုဖြစ်သလို အသုံးချသိပ္ပံနဲ့ အင်ဂျင်နီယာဘာသာရပ်တွေကို အဓိက ဦးစားပေး သင်ကြားနေတဲ့တက္ကသိုလ် တခုပါ။
Times Higher Education(THE) မဂ္ဂဇင်းရဲ့ သတ်မှတ်ချက်တွေအရဆိုရင်တော့ နံပါတ် ၅ နေရာမှာ ရှိနေတဲ့ တက္ကသိုလ်ကတော့ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်ပါ။ ဒီတက္ကသိုလ်ကိုတော့ ၁၈၉၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ နောက်ထပ် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေရဲ့စာရင်းမှာ ပါဝင်နေတာကလည်း အမေရိကန် ပြည်ထောင်စုက တက္ကသိုလ်တွေပါပဲ။
ဟားဗတ်တက္ကသိုလ်က နံပါတ် ၆ နေရာမှာရှိနေပြီး Princeton တက္ကသိုလ်က နံပါတ် ၇ နေရာမှာ ရှိနေပါတယ်။ ယေးလ်တက္ကသိုလ်က နံပါတ် ၈ နေရာမှာရှိနေပြီး ဗြိတိန်နိုင်ငံရဲ့ Imperial College London ကတော့ နံပါတ် ၉ နေရာမှာ ရှိနေပါတယ်။
ကမ္ဘာပေါ်က အကောင်းဆုံးတက္ကသိုလ်တွေကို ထုတ်ပြန်ကြေညာရာမှာ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေကပဲ Top 10 စာရင်းဝင်နေတာကို တွေ့ရပါတယ်။ နံပါတ် ၁၀ နေရာမှာ ရှိနေတဲ့ တက္ကသိုလ်ကလည်း အမေရိကန်ပြည်ထောင်စုက ချီကာဂို တက္ကသိုလ်ပါ။
Ref : forbes & en.wikipedia.org