သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်အရ Skrillex ရဲ့ Dubstep သီချင်းတွေအပါအဝင် Electronic Music တွေဟာ ခြင်တွေရဲ့မျိုးပွားမှုကို တားဆီးစေနိုင်တဲ့အပြင် ခြင်ကိုက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
ဒီ Dubstep သီချင်းတွေအပါအဝင် Electronic Music တွေဟာ ဇီကာ ဗိုင်းရပ်စ်နဲ့ ငှက်ဖျားရောဂါကို ဖြစ်ပွားစေတဲ့ Aedes aegypti ခြင်အမျိုးအစားကို အဓိကအားဖြင့် တားဆီးနိုင်တယ်လို့ လေ့လာသူတွေ အတည်ပြုပြောကြားခဲ့ပြီး ခြင်ဖျန်းဆေးတွေလိုပဲ သက်ရောက်မှုရှိတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒီလေ့လာတွေ့ရှိမှုဟာ အနည်းငယ် ရယ်စရာကောင်းပြီး ကမောက်ကမ ဆန်တယ်လို့ ထင်ရပေမယ့် သိပ္ပံပညာရှင်တွေကတော့ အထောက်အထား ခိုင်ခိုင်မာမာနဲ့ သက်သေပြခဲ့ပါတယ်။ ဂရမ်မီဆုကို ရရှိထားတဲ့ Skrillex ရဲ့Scary Monster နဲ့ Nice Sprites သီချင်းတွေကို အဓိကရွေးချယ်ပြီး ခြင်ပေါက်ဖွားရာ နေရာအများစုမှာ အသံအနည်းငယ်မြှင့်ကာ ဖွင့်ထားရာကနေ ဒီလေ့လာမှုကို စတင်ခဲ့တာပဲဖြစ်ပါတယ်။
ရလဒ်အားဖြင့် ခြင်အပါအဝင် အင်းဆက်တော်တော်များများဟာ သီချင်းသံကြောင့် မျိုးပွားမှုနဲ့ အစာရှာဖွေစားသောက်မှု နှေးကွေးသွားခဲ့ကြောင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ခြင်တွေနဲ့ အင်းဆက်တွေရဲ့ မျိုးပွားမှုဖြစ်စဉ်မှာ တကောင်နဲ့တကောင်ရဲ့ အချက်ပြစနစ်ကို Dubstep သီချင်းသံတွေက အနှောင့်အယှက်ဖြစ်စေတာကြောင့် မျိုးပွားမှုကို အဟန့်အတားဖြစ်စေတာပဲ ဖြစ်ပါတယ်။
လေ့လာစမ်းသပ်မှု ပြုလုပ်နေစဉ်အတောအတွင်းမှာ သီချင်းသံကို မကြာခဏဆိုသလို ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်ခဲ့ပြီး အသံကြိမ်နှုန်းကိုလည်း အနိမ့်ဆုံးကနေ အမြင့်ဆုံးအထိ စမ်းသပ်ပြုလုပ်ခဲ့ရာကနေ ဒီလေ့လာချက်ကို အတည်ပြုထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဒီ Dubstep သီချင်းသံတွေက အင်းဆက်တွေနဲ့ခြင်တွေရဲ့ မျိုးပွားမှုကိုရော လှုပ်ရှားမှုကိုပါ အဟန့်အတားဖြစ်စေခဲ့ပါတယ်။ အင်းဆက် အမတွေဟာ ဒီသီချင်းသံတွေကြားမှာ အချိန်ကြာကြာ မနေနိုင်ဘဲ သီချင်းသံနဲ့ဝေးရာ ပတ်ဝန်းကျင်ကို မြန်မြန်ဆန်ဆန်ပဲ ရွှေ့ပြောင်းသွားခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်”
“ခြင်တွေရဲ့ အစာရှာဖွေ စားသောက်မှုဖြစ်စဉ်မှာ ဆိုရင်လည်း လုံးဝ ရပ်တန့်သွားတာမျိုး မဟုတ်ပေမယ့် သီချင်းသံတွေက သူတို့ကို အနှောင့်အယှက် ဖြစ်စေတာကြောင့် ပုံမှန်ထက် နှေးကွေးသွားတာမျိုးကို တွေ့ရပါတယ်”လို့ ဒီသုတေသနလေ့လာမှုကို ဦးဆောင်သူ သိပ္ပံပညာရှင်တဦးက ပြောကြားသွားခဲ့ပါတယ်။
Ref. www.itv.com