လေ့လာသူတွေရဲ့ စစ်တမ်းတွေအရ တကမ္ဘာလုံး အတိုင်းအတာနဲ့ စွန့်ပစ် ပလတ်စတစ် အရေအတွက်ဟာ နှစ်စဉ် ၆ ဒဿမ ၃ ဘီလျံ ရှိပြီး ဒီထဲကမှ ၉ ရာခိုင်နှုန်းကိုသာ ပြန်လည် အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ ညစ်ညမ်းမှုတွေကို လျှော့ချဖို့ဆိုရင် စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုဖို့ ပိုမို လိုအပ်နေပါသေးတယ်။
Richart Sowa ဟာ အင်္ဂလန်နိုင်ငံက အနုပညာရှင်တယောက်ဖြစ်ပြီး သူဟာ ပလတ်စတစ် ဘူးခွံပေါင်း ၁ သိန်းကို အသုံးပြုကာ လှပတဲ့ လူလုပ်ကျွန်းငယ်တခုကို ဖန်တီးပြုလုပ်ခဲ့ပါတယ်။
Richart Sowa ဟာ ပလတ်စတစ် ဘူးခွံတွေနဲ့ ပြုလုပ်ထားတဲ့ သူ့ရဲ့ ကျွန်းလေးကို “Joyxee” လို့ အမည်ပေးထားပြီး ဒီလိုစတင် လုပ်ဆောင်ဖြစ်ခဲ့ပုံကတော့ ပလတ်စတစ်တွေဟာ ပျက်စီးဖို့ ခက်ခဲတဲ့အတွက် ဆောက်လုပ်ရေးပစ္စည်းအဖြစ် အသုံးပြုမယ်ဆိုရင် သင့်တော်မယ်လို့ စိတ်ကူးမိခဲ့လို့ ဖြစ်ပါတယ်။ ပလတ်စတစ်ပစ္စည်းတွေဟာ ပျက်စီးယိုယွင်းသွားဖို့အတွက် အချိန်နှစ်ပေါင်း ၄၅၀ ကြာမြင့်မှာဖြစ်ပြီး ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားအနေအထား တခုအထိလည်း သက်ရောက်စေနိုင်ပါတယ်။
Richart ဟာ သူ့ရဲ့ ပရောဂျက်ကို မက္ကဆီကိုနိုင်ငံမှာရှိတဲ့ Isla Mujeres ကျွန်းမှာ စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး သစ်သားပြားအနည်းငယ်နဲ့ ကျွန်းရဲ့ အလယ်ဗဟိုချက်မှာ ပလတ်စတစ်ရေဘူးတွေ ထည့်ထားတဲ့ ပိုက်ကွန်တခုကို အဓိက အသုံးပြုခဲ့ပါတယ်။
ဒီ လူလုပ်ကျွန်းငယ်မှာ ပလတ်စတစ်တွေတင် မဟုတ်ဘဲ တခြားစွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ဖန်ပုလင်းတွေ၊ စည်သွတ်ဘူးခွံတွေ ထည့်ထားတဲ့ ပိုက်ကွန်အိတ်တွေပေါ်မှာ မြေဆီလွှာတထပ် အုပ်ထားပြီး တည်ဆောက်ထားတာပါ။
ဒီကျွန်းရဲ့ အားသာချက်ကတော့ တနေရာကနေ တနေရာကို အလွယ်တကူ ရွေ့လျားသွားလာနိုင်ပြီး ရေလမ်းခရီးမှာ ပြဿနာ တစုံတရာ ရင်ဆိုင်နေရတဲ့ လှေ၊ သင်္ဘော စတာတွေကို ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အသီးအနံှနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်ဖို့အတွက် လေသန့်စက်နဲ့ လေအေးပေးစက်တွေကို ဆိုလာစနစ်နဲ့ မွမ်းမံထားတာပါတယ်။
၂၀၁၉ ခုနှစ် အစပိုင်းမှာတော့ Richart ရဲ့ ဒီကျွန်းငယ်လေးဟာ ပြင်းထန်တဲ့ မုန်တိုင်းတခုကြောင့် ကျွန်းရဲ့ ဘေးဘက်ခြမ်းတချို့ ဆုံးရှုံးခဲ့ရပေမယ့် Richart အနေနဲ့ သူ့ရဲ့ ပရောဂျက်ကို ပြန်လည်ဆန်းသစ်လုပ်ဆောင်ခဲ့ပြီး အခုအချိန်မှသာ လူထုကို ချပြခဲ့နိုင်ခဲ့တာပါ။
ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေက အခုလို ကျွန်းတွေ တည်ဆောက်ပေးဖို့ Richart ကို ကမ်းလှမ်းခဲ့ကြပြီး လာမယ့်နှစ်တွေမှာဆိုရင် စွန့်ပစ်ပစ္စည်းတွေကို အသုံးပြု တည်ဆောက်ထားတဲ့ လူလုပ်ကျွန်းပေါင်းများစွာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
Ref. brightside.me