အမျိုးသား တယောက်မှ မပါဝင်ဘဲ မိန်းကလေး သူငယ်ချင်းတွေချည်း အပြင်ထွက်တဲ့ အချိန်တွေဟာ မိန်းကလေးတယောက်ရဲ့ ဘဝမှာ တန်ဖိုးအရှိဆုံး အချိန်တွေပါပဲ။ ဒီလို တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြတ်သန်းဖို့ အကြံကောင်းတွေလည်း လိုအပ်ပါတယ်။ ဒါကြောင့် ဒီတခါမှာ မိန်းကလေးတွေ Night Out ထွက်တဲ့အခါ ပြုလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ပါတီ ပြုလုပ်ခြင်း
ပါတီလုပ်တယ်ဆိုတိုင်း အပြင်မှာချည်း လုပ်စရာ မလိုပါဘူး။ သင့်အိမ် ဒါမှမဟုတ် သူငယ်ချင်းတယောက်ယောက်ရဲ့ အိမ်မှာ လူစုပြီး ပြုလုပ်လို့ ရပါတယ်။ ညဘက် အပြင်ထွက်ပြီး ဝယ်စရာရှိတဲ့ အစားအသောက်တွေကို ဝယ်ခြမ်းပြီး အိမ်မှာ ချက်ပြုတ်စားသောက်ရင်း စကားတွေ ညလုံးပေါက် ပြောတာမျိုး ပြုလုပ်သင့်ပါတယ်။ တယောက်တနေရာမှာ နေထိုင်နေရရင်တောင် ဒီလို ဆုံတွေ့မှုမျိုးကို တလမှာ အနည်းဆုံး ၁ ခါလောက်ပြုလုပ်သင့်ပါတယ်။
(၂) Spa သွားခြင်း
မိန်းကလေးသူငယ်ချင်းတွေ စုပြီး ပြုလုပ်လို့ ကောင်းတဲ့ အရာတခုကတော့ အသားအရေ ထိန်းသိမ်းခြင်း ပါပဲ။ Spa သွားပြီး ဆံပင်၊ ခန္ဓာကိုယ်နဲ့ မျက်နှာတွေကို အလှပြုပြင်ရင်း စကားပြောရတာဟာလည်း ပျော်စရာတခုပါ။ ပိုက်ဆံ မကုန်ချင်တဲ့ သူတွေ အနေနဲ့လည်း အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ရင်း စုပေါင်း ပျော်ရွှင်လို့ ရပါသေးတယ်။
(၃) ပြပွဲများ သွားခြင်း
ပန်းချီပြပွဲ အစပြုလို့ ညဘက်လုပ်တဲ့ ပြပွဲတွေကို သွားကြည့်ပါ။ မိန်းကလေးတွေချည်းပဲ ဖြစ်လို့ ဗေဒင်လက္ခဏာကို ဝါသနာပါသူတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ယုံကြည်တာ မယုံကြည်တာကို အသာထားပြီး ဗေဒင်အတူတူသွားမေး တာကလည်း သင်တို့ သူငယ်ချင်းတစုကို ပျော်ရွှင်စေမှာပါ။
(၄) ဘား သွားခြင်း
Cocktail ကောင်းကောင်းရတဲ့ ဘားတွေနဲ့ ဝိုင်ရတဲ့ ဘားတွေကို သွားပြီး ထိုင်ကြည့်ပါ။ ဘားတော်တော်များများဟာ သီချင်း အေးအေးတွေကို ဖွင့်လေ့ရှိတာမို့ အနားယူလို့ ကောင်းတဲ့ နေရာ တခုဖြစ်မှာပါ။ သင့်သူငယ်ချင်းတွေနဲ့ Cocktail အတူတူသောက်ရင်း စကားပျော်ရတဲ့ ခံစားချက်က ဘာနဲ့မှ မတူတာကို တွေ့ရပါလိမ့်မယ်။
(၅) သီချင်းဆိုပါ
မိန်းကလေး သူငယ်ချင်းတွေချည်းပဲ ညဘက် အပြင်ထွက်တဲ့ အခါ သီချင်းဆိုဖြစ်အောင် ဆိုပါ။ မိသားစု ကာရာအိုကေ ဆိုင်ကို သွားပြီး စိတ်ထဲရှိသမျှ သီချင်းတွေကို ဆိုလိုက်ရရင် လွတ်လပ်ပေါ့ပါသွားမှာ အသေအချာပါပဲ။ ဒါအပြင် ညဘက် ပြတဲ့ ရုပ်ရှင် လက်မှတ်ဝယ်ပြီး ရုပ်ရှင်ကြည့်ရင်းလည်း အနားယူလို့ ရပါသေးတယ်။
Ref: cosmopolitan