ပလတ်စတစ်သုံးစွဲမှုဟာ လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ အများဆုံး ပါဝင်တဲ့ အခန်းဏ္ဍတခုဖြစ်ပြီး လွယ်လွယ်ကူကူ သုံးစွဲပြီး စွန့်ပစ်လေ့ရှိတဲ့ အလေ့အကျင့်ကြောင့် ပလတ်စတစ် ညစ်ညမ်းမှုဟာ တစထက်တစ ကြီးမားလာပါတယ်။
ပလတ်စတစ် ညစ်ညမ်းမှုဟာ ပင်လယ်သမုဒ္ဒရာတွေကြားမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာတခုဖြစ်ပြီး ပင်လယ်ကြမ်းပြင် ညစ်ညမ်းတာနဲ့ ရေနေသတ္တဝါတွေ လျော့ပါး ဆုံးရှုံးနေရတာတွေဟာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတခုလည်း ဖြစ်ပါတယ်။
ဒီလိုမျိုး ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှုကြောင့် ပင်လယ်ရေပြင် မြင့်တက်လာမှုနဲ့အတူ ရာသီဥတု ပြောင်းလဲမှုတွေကပါ လူသားတွေကို ခြိမ်းခြောက်လာနေပြီး နောက်ဆုံး အရင်းခံကို စစ်ဆေးကြည့်မယ်ဆိုရင်တော့ လူသားတွေ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေဟာ တရားခံဖြစ်လို့ နေပါတယ်။ လေ့လာမှုတွေအရ ဆိုရင် ပလစ်စတစ်ပိုက်တွေဟာ ပျက်စီးဖို့အတွက် နှစ်ပေါင်း ၂၀၀၊ ပလတ်စတစ်ခွက်တွေဟာ နှစ်ပေါင်း ၅၀ နဲ့ ပလတ်စတစ်ဘူးတွေဟာ ပျက်စီးဖို့အတွက် နှစ်ပေါင်း ၄၅၀ ခန့် ကြာမြင့်တယ်လို့ သိရပါတယ်။
ကမ္ဘာမြေကြီးပေါ်ကနေ ပျက်စီးပျောက်ကွယ်သွားဖို့အတွက် နှစ်ပေါင်းအတော်ကြာ ကြာမြင့်တဲ့ ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းဖို့အတွက် အစ္စရေးနိုင်ငံသူ၊ Chemical Engineer တဦးဖြစ်တဲ့ Sharon Barak ဟာ ရေထဲမှာ မိနစ်ပိုင်းအတွင်း ပျော်ဝင်ပျက်စီးသွားနိုင်တဲ့ ပလတ်စတစ်အိတ် အမျိုးအစားကို တီထွင်လိုက်နိုင်ပါပြီ။
သူမ တီထွင်လိုက်တဲ့ ဒီပလတ်စတစ်အိတ် အမျိုးအစားဟာ သဘာဝပတ်ဝန်းကျင်နဲ့ အင်မတန် နီးစပ်ပြီး ပလတ်စတစ် ပျော်ဝင်သွားတဲ့ ရေကို ပြန်လည်အသုံးပြုလို့ ရလောက်တဲ့အထိကို စိတ်ချရတယ်လို့ သုတေသနလေ့လာမှုတွေအရ သိရပါတယ်။ ဒီလို တီထွင်မှုမျိုးကို ပြုလုပ်နိုင်ဖို့အတွက် Sharon နဲ့ သူမရဲ့အဖွဲ့ဟာ လပေါင်းအတန်ကြာ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရပြီး ပလတ်စတစ် အစားထိုး အိတ်အတွက် အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေကို ဓာတုပစ္စည်း လံုံးဝ မပါဝင်တဲ့အထိ ဖော်မြူလာ ထုတ်ကာ တီထွင်ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။
အသံုံးပြုနေကျ သာမန် ပလတ်စတစ်အိတ်မျိုးလိုပဲ အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပြီး ပလတ်စတစ် ညစ်ညမ်းမှုအတွက် စိုးရိမ်စရာ မရှိဘဲ လွယ်လွယ်ကူကူ စွန့်ပစ်နိုင်မှာလည်း ဖြစ်ပါတယ်။ ရေထဲမှာ မိနစ်ပိုင်းအတွင်း အလွယ်တကူ ပျော်ဝင်သွားနိုင်တဲ့ ဒီအိတ်အမျိုးအစားဟာ ရေနေသတ္တဝါတွေကို ထိခိုက်စေမှာ မဟုတ်တဲ့အပြင် ဒီပလတ်စတစ်ကို ပြန်လည်အသုံးချရတဲ့ စရိတ်စကနဲ့ နည်းပညာတွေကိုပါ လျော့နည်းလာစေမှာ ဖြစ်ပါတယ်။
Ref. brightside.me