Trend

ဇနီးပေါင်း ၃၉ ယောက် အပါအဝင်၊ မိသားစုဝင်ပေါင်း ၁၉၄ ယောက် ပိုင်ဆိုင်တဲ့ အိန္ဒိယနိုင်ငံသား

တချို့သော လူ့အဖွဲ့အစည်းတွေမှာ တလင်တမယား စနစ်ကိုသာ ကျင့်သုံးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ ဒီအချက်ဟာ အိန္ဒိယနိုင်ငံသားတယောက်ဖြစ်တဲ့ Ziona အတွက်တော့ မမှန်ကန်ပါဘူး။ ဘာလို့လဲဆိုတော့ Ziona မှာ ဇနီးပေါင်း ၃၉ ယောက် အထိ ရှိနေလို့ပါပဲ။

Ziona ကို ၁၉၄၅ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ လက်ရှိ နေထိုင်နေတာကတော့ အိန္ဒိယနိုင်ငံ၊ Mizoran ပြည်နယ်ထဲက Baktwang ရွာကလေးမှာပါ။ သူ့မိသားစုဟာ အိန္ဒိယနိုင်ငံတင်မှာသာမက ကမ္ဘာပေါ်မှာပါ အကြီးဆုံး မိသားစုတစုပါ။

Ziona မှာ ဇနီးပေါင်း ၃၉ ယောက်၊ သားသမီးပေါင်း ၉၄ ယောက်၊ ချွေးမပေါင်း ၁၄ ယောက်၊ မြေးပေါင်း ၃၃ ယောက်၊ စုစုပေါင်း မိသားစုဝင် ၁၈၀ ယောက်အထိ ရှိနေပါတယ်။ အိမ်ထောင်ကျသွားတဲ့ သားသမီး တွေအနေနဲ့လည်း အိမ်ခွဲနေထိုင်ခြင်း မရှိဘဲ Ziona နဲ့သာ အတူ နေထိုင်ကြပါတယ်။ ဒီလို ကြီးမားတဲ့မိသားစု တစုလုံးကြီးဟာ အခန်းပေါင်း ၁၀၀ ပါတဲ့ ၄ ထပ်တိုက်ကြီးမှာ ပျော်ရွှင်စွာ စုပေါင်းနေထိုင်ကြပါတယ်။

Ziona ရဲ့ အပြောအရဆိုရင်တော့ သူဟာ တနှစ်ကို မိန်းမ ၁၀ ယောက်နှုန်း ယူခဲ့တယ်လို့ ဆိုပါတယ်။ သူ့ဇနီးတွေအားလုံးကလည်း ကြီးမားတဲ့ အိပ်ခန်းကြီးတခန်းထဲမှာ သူနဲ့အတူ အိပ်စက်ကြပါတယ်။ မိသားစုဝင်တွေအားလုံးဟာ မနက် ၅ နာရီခွဲမှာ ထလေ့ ရှိကြပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းအသီးသီးကို လုပ်ကိုင်ကြပါတယ်။ ညနေစာကိုတော့ ၄ နာရီကနေ ၆ နာရီအထိ ကျွေးရလေ့ ရှိပြီး မိသားစုရဲ့ တနေ့စာကုန်ကျစာရင်းကတော့ ဆန် ၂၂၀ ပေါင် ၊ အာလူး ၁၃၂ ပေါင်နဲ့ ကြက်အကောင်ရေ ၃၉ ကောင်ပါ။

Ziona ရဲ့ အသက် ၆၈ နှစ်ပြည့် မွေးနေ့ပွဲကိုတော့ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဧည့်သည်ပေါင်း ၁၅၀ တက်ရောက်ခဲ့ကြပါတယ်။ အသက် ၆၆ နှစ်ပြည့်ပြီးချိန်မှာတော့ Ziona မှာ ဇနီးပေါင်း ၃၉ ယောက်၊ သားသမီးပေါင်း ၉၄ ယောက်နဲ့ မြေးပေါင်း ၃၃ ယောက်အထိ ရှိနေခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ မိသားစုဝင်ပေါင်းက ၁၉၄ ယောက်အထိ ရှိနေခဲ့ပါတယ်။

ဒီလိုမျိုး ကြီးမားတဲ့ မိသားစုတစုကို အဆင်ပြေပြေထားနိုင်ဖို့ဆိုတာကလည်း မလွယ်ကူတဲ့ ကိစ္စတခုပါ။ ဒါပေမဲ့ Ziona မိသားစု ဝင်တိုင်းကတော့ ကိုယ့်တာဝန် ကိုယ်အသိစိတ်ရှိရှိ ယူကြတဲ့အတွက် ပြိုကွဲ မသွားဘဲ ခုချိန်ထိ ခိုင်မာနေတုန်းပါ။ ဇနီးတွေအားလုံးက ချက်ရေးပြုတ်ရေး တာဝန်ယူကြသလို သမီးတွေကလည်း အဝတ်အစား လျှော်ဖွပ်တဲ့ကိစ္စတွေကို တာဝန်ယူကြပါတယ်။ ယောကျာ်းသားတွေကတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။

Ziona ကတော့ အခု အသက်အရွယ်ထိကိုပဲ မိန်းမထပ်ယူချင်တဲ့စိတ် ရှိနေတုန်းပဲလို့ ဆိုပါတယ်။ အဲဒီလိုလက်ထပ်ယူပြီးသွားရင်လည်း စားရေးသောက်ရေးဘာမှ အဆင်မပြေစရာ မရှိသလို လူအများကြီးကို စောင့်ရှောက်နိုင်တဲ့ အခွင့်အရေး ဘုရားသခင်က သူ့ကို ပေးအပ်ထားတဲ့အတွက် သူဟာ ကမ္ဘာပေါ်မှာ ကံကောင်းတဲ့လူတယောက်ပါပဲလို့ Ziona က ပြောပါတယ်။

Ziona ဟာ သူ့အသက် ၁၇ နှစ်အရွယ်မှာပဲ ပထမဆုံး အိမ်ထောင်ပြုခဲ့ပါတယ်။ ။

Ref : entertales & en.wikipedia

Loading