ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့မှာ အမျိုးသမီး တဦးဟာ သရဲမလို ဝတ်ဆင်ပြီး ဝက်သားကင် လိုက်ရောင်းနေတယ်လို့ သိရပါတယ်။ သူမဟာ ထိုင်းရိုးရာ နာမည်ကျော် သရဲမ တဦးဖြစ်တဲ့ Mae Naak လို ဝတ်ဆင်ပြီး ရောင်းချနေတာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်၊ Nannaphat Chalachainanpha လို့ အမည်ရတဲ့ သူမဟာ ယခင်က အယုဒ္ဓယ ရေပေါ်ဈေးမှာရှိတဲ့ ယဉ်ကျေးမှု ဖျော်ဖြေရးအဖွဲ့တခုက သရုပ်ဆောင် တဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာ သူတို့ရဲ့ ဇာတ် မီးလောင်မှုဖြစ်ပွားခဲ့လို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူလည်း ဖြစ်ပါတယ်။ ဝက်သားကင်ကို နည်းလမ်းပေါင်းစုံနဲ့ ရောင်းခဲ့ပေမယ့် ရောင်းမကောင်းတာကြောင့် အခုလို ဝတ်စားဆင်ယင်ပြီး ဈေးရောင်းရင် ပိုရောင်းကောင်းမယ်ထင်လို့ ပြောင်းလဲ ရောင်းချကြည့်တာလို့ ဆိုပါတယ်။
သူမဟာ ဝက်သားကင်နဲ့ ဝက်အူချောင်းကင်တွေကို ရောင်းတာ ဖြစ်ပြီး တထုတ်ကို ထိုင်းဘတ်ငွေ ၂၅ ဘတ် နဲ့ ရောင်းချတာ ဖြစ်ပါတယ်။ သူမရဲ့ သစ်ဆန်းတဲ့ အတွေးအမြင်ကြောင့် ဝယ်ယူစားသုံးသူများပြားတယ်လို့ သူမက ဆိုပါတယ်။
Mae Naak ဟာ ထိုင်းနိုင်ငံမှာ နာမည်ကျော်ကြားတဲ့ သရဲမ ဖြစ်ပြီး ခင်ပွန်းဖြစ်သူ စစ်ထွက်နေစဉ် ကလေးမွေးရင်း သေဆုံးခဲ့သူလည်း ဖြစ်ပါတယ်။ ကလေးမွေးရင်း မကျွတ်မလွတ်ဖြစ်ခဲ့ရတဲ့ Mae Naak ပုံစံအတိုင်း သူမဟာ ဝတ်ဆင်ထားပြီး ကလေးအရုပ် တရုပ်ကိုလည်း အနှီးထုတ်ပြီး ပွေ့ချီထားပါသေးတယ်။
Ref; thaivisa