ယနေ့ခေတ်ဟာ ပညာခေတ်လို့ ခေါ်နေကြပေမယ့် အခြေခံပညာ အထက်တန်းကျောင်းကို ပြီးဆုံးအောင် မတက်နိုင်သူတွေလည်း အများကြီးပါပဲ။ တချို့နိုင်ငံတွေမှာတော့ အခြေခံပညာအထက်တန်းအဆင့်ကို ပြီးမြောက်အောင်မြင်သူတွေလည်း အများကြီး ရှိပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ တောင်ကိုရီးယားနိုင်ငံက ထိပ်ဆုံးမှာရှိနေပြီး ဂျော်ဂျီယာ၊ ဂျပန်၊ ခရိုအေးရှား၊ ယူကရိန်းနိုင်ငံတွေက မတိမ်းမယိမ်း ရှိနေပါတယ်။
ရာခိုင်နှုန်းနဲ့ တွက်ရမယ်ဆိုရင်တော့ တောင်ကိုရီးယားက ၉၉ ရာခိုင်နှုန်း၊ ဂျော်ဂျီယာက ၉၆ ရာခိုင်နှုန်း၊ ဂျပန်၊ ခရိုအေးရှားနဲ့ ယူကရိန်းနိုင်ငံက ၉၅ ရာခိုင်နှုန်း ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ၉၂ ရာခိုင်နှုန်းပဲ ရှိနေပြီး နိုင်ငံ ၁၅ နိုင်ငံရဲ့စာရင်းမှာ နံပါတ် ၁၂ နေရာက ရှိနေပါတယ်။
ဂျပန်နိုင်ငံကတော့ လူဦးရေ သန်း ၁၂၇ သန်းနီးပါး ရှိပါတယ်။ ဂျပန်နိုင်ငံဟာ မယုံကြည်စရာကောင်းလောက်အောင်ပဲ စာတတ်မြောက်သူဦးရေက နိုင်ငံလူဦးရေရဲ့ ၁၀၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ ဂျပန်နိုင်ငံဟာ ကလေးတွေကို ပညာရေးကိစ္စကို အထူးအလေးထား ဆောင်ရွက်နေတဲ့နိုင်ငံဖြစ်ပြီး အသက် ၆ နှစ်အရွယ် ရောက်လာတာနဲ့ သင်ကြားရေးစနစ်ကို စတင်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ဥပဒေအရဆိုရင်လည်း မူလတန်းနဲ့ အလယ်တန်းအဆင့် ပညာရေးက မသင် မနေရပါ။ ဒီဥပဒေကြောင့်လည်း ဂျပန်နိုင်ငံရဲ့ လူဦးရေအားလုံး နီးပါးလောက်က စာတတ်မြောက်နေခြင်းပဲ ဖြစ်ပါတယ်။ ပုဂ္ဂလိကကျောင်းတွေ ရှိပေမယ့်လည်း ကလေးအများစုကတော့ အစိုးရကျောင်းတွေမှာသာ တက်ရောက်လေ့ရှိကြပါတယ်။
ဂျပန်နိုင်ငံရဲ့ ကျောင်းသားအများစုကတော့ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ ထူးချွန်းကြသလို စာဖတ်တဲ့ဓလေ့မှာလည်း မွေ့လျော်ကြသူတွေ များပါတယ်။ ဒါကြောင့်လည်း ဂျပန်နိုင်ငံရဲ့ ပညာသင် ကြားရေးစနစ်က တခြားနိုင်ငံတွေထက် သာလွန်ကောင်းမွန်နေရတာပါ။
တောင်ကိုရီးယာနိုင်ငံရဲ့ ပညာရေးစနစ်ကလည်း ဂျပန်နိုင်ငံထက် မပိုရင်တောင် လျော့တော့ မလျော့ပါဘူး။ ပညာရေး အသုံးစရိတ်အနေနဲ့လည်း ပြည်တွင်းထုတ်ကုန် တန်ဖိုးရဲ့ ၄ ဒဿမ ၇ ရာခိုင်နှုန်းကို သုံးစွဲပါတယ်။
တောင်ကိုရီးယားနိုင်ငံက ကျောင်းသားတွေကလည်း ဂျပန်နိုင်ငံက ကျောင်းသားတွေလိုပဲ သင်္ချာ၊ သိပ္ပံနဲ့ စာပေဘက်တွေမှာ ထူးချွန်ပါတယ်။ အထူးသဖြင့်ကတော့ ဘာသာပြန်တဲ့ဘက်မှာ တောင်ကိုရီးယားကျောင်းသားတွေက ပိုထူးချွန်ကြပါတယ်။ တခြားနိုင်ငံတွေထက် တောင်ကိုရီးယားက သာတဲ့ အချက်ကတော့ အထက်တန်းအဆင့် ပညာရေးပြီးမြောက်မှုနှုန်း ပိုများတဲ့ အချက်ပါ။
ဗြိတိန်နိုင်ငံကတော့ နိုင်ငံ လူဦးရေ ၆၄ သန်းဝန်းကျင် ရှိရာမှာ အသက် ၂၅ နှစ်ပြည့်ပြီးသူတိုင်းရဲ့ ၉၉ ဒဿမ ၉ ရာခိုင်နှုန်းက အလယ်တန်းအဆင့် ပညာရေး ပြီးဆုံးသူတွေပါပဲ။ အသက် ၅ နှစ်နဲ့ ၁၆ အထိကို မူလတန်းနဲ့ အလယ်တန်းအဆင့် ပညာရေး မသင်မနေရ စနစ် ပြဌာန်းထားပါတယ်။
Ref : graphicmaps