မြန်မာတို့ရဲ့ မဟာသင်္ကြန်ပွဲတော်က ကျရောက်ဖို့ နီးကပ်လာပါပြီ။ သင်္ကြန်မှာ ဘယ်လို အဝတ်အစားမျိုးကို ဝတ်ဆင်ရမလဲဆိုပြီး မိန်းကလေးတွေကတော့ အကြံအိုက်နေမှာ သေချာပါတယ်။ ဒါကြောင့် ကားနဲ့လည်တာဖြစ်ဖြစ်၊ မဏ္ဍပ်ထိုင်တာဖြစ်ဖြစ် အဆင်ပြေစေမယ့် ဖက်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အနွေးထည်များ
သင်္ကြန်မှာ ရေစိုနေမှာ ဆိုပေမယ့် နေက ပြင်းလွန်းတာကြောင့် အပေါ်ထပ် ဝတ်ဖို့ အရေးကြီးပါတယ်။ အသားအရေကို ထိန်းသိမ်းသလို ဖြစ်တာကြောင့် အနွေးထည်က မပါမဖြစ် ပါရမယ့် အရာတခုပါ။ ဒါကြောင့် စတိုင်မိုက်မိုက်နဲ့ လှချင်တယ် ဆိုရင် အနွေးထည် ခပ်ပွပွကို တီရှပ်၊ စွပ်ကျယ် စတာတွေနဲ့ တွဲပြီး ဝတ်နိုင်ပါတယ်။ အောက်ပိုင်းကိုတော့ ဂျင်းဘောင်းဘီ အတို ဒါမှမဟုတ် အရှည်၊ ဂျင်းစကတ်အတိုနဲ့ ဖြစ်ဖြစ် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဖိနပ်ကိုတော့ ဒေါက်ကလွဲပြီး စိတ်ကြိုက်စီးပါ။
(၂) အရောင်တောက်တောက် အဝတ်များ
သင်္ကြန်မှာ အမြဲ ပေါ်လွင်လေ့ရှိတာကတော့ အရောင်တောက်တောက် အဝတ်တွေပဲ ဖြစ်ပါတယ်။ တော်တော်များများကတော့ အရောင်တောက်တာတွေကို ဝတ်ဖို့ ရှက်တတ်ကြပါတယ်။ ဒါပေမယ့် တနှစ်မှ တခါ ပျော်ရတဲ့ ပွဲမှာ စိတ်ရှိသလို ဝတ်ပြီးသာ ပျော်လိုက်ပါ။
(၃) Body Suit နဲ့ လည်သာ အဝတ်များ
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေကတော့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ Body Suit နဲ့ လည်သာ အဝတ်အစားတွေကို ဝတ်ဆင်နိုင်ပါတယ်။ ဒီအဝတ်တွေဟာ ရေစိုသွားရင် ရှိရင်းစွဲ အလှထက် ပိုပြီး ပေါ်လွင်နေမယ့် အဝတ်အစား အမျိုးအစားတွေပဲ ဖြစ်ပါတယ်။
(၄) အခြား လိုအပ်တာများ
သင်္ကြန်ဟာ နေပူပူမှာ ရေစိုစိုနဲ့ ပျော်ရတဲ့ ပွဲဖြစ်တာကြောင့် အသားအရေထိန်းသိမ်းဖို့ အခြားလိုအပ်တာတွေကိုလည်း ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ပိုက်ဆံအိတ်ကို ရင်ဘတ်အရှေ့နားမှာ လွယ်တဲ့ ဖက်ရှင်ကလည်း ခေတ်စားနေလို့ စိတ်ဝင်စားရင် လွယ်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ မျက်မှန်ပါပဲ။ ကိုယ့်မျက်နှာ အနေအထားနဲ့ လိုက်ဖက်မယ့် မျက်မှန်မျိုးကို ဝယ်ပြီး ဝတ်ဆင်ဖို့ လိုပါတယ်။ ပူပြင်းလွန်းတဲ့ အပူဒဏ်ကို အံတုဖို့ ဦးထုပ် လှလှလေးတွေ ဆောင်းဖို့လည်း တိုက်တွန်းချင်ပါတယ်။
Ref; lifehacks,birghtside