အမေရိကားနိုင်ငံရဲ့ ဆိုင်ကယ်သမားတချို့ဟာ သူတို့ရဲ့ သန်မာထွားကြိုင်းတဲ့ခန္ဓာကိုယ်နဲ့ ခန္ဓာကိုယ်အနှံ့က တက်တူးတွေကြောင့် အများအမြင်မှာ ကြောက်စရာကောင်းတယ်လို့ ထင်ရပေမယ့် အိမ်မွေးတိရစ္ဆာန် တော်တော်များများကို ဆိုးရွားတဲ့ပိုင်ရှင်တွေလက်ကနေ ကယ်တင်ပေးခဲ့တာပါ။
ဆိုင်ကယ်ဂိုဏ်းစတားအဖွဲ့ဝင်တွေဟာ မိမိတို့အိမ်မွေးတိရစ္ဆာန်တွေကို စွန့်ပစ်တော့မယ့် ပိုင်ရှင်တွေကို သူတို့ဆီပေးဖို့တိုက်တွန်းခဲ့ပြီး တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာတွေနဲ့လည်း သဘောတူညီချက်တွေ ထားရှိထားကြတာ ဖြစ်ပါတယ်။ ဒီလိုမျိုး စွန့်ပစ်ခံရတဲ့ အိမ်မွေးတိရစ္ဆာန်တွေအတွက် ပိုင်ရှင်အသစ်တွေ ရှာဖွေပေးလေ့ရှိပြီး ဒီဆိုင်ကယ်ဂိုဏ်းအဖွဲ့ရဲ့နာမည်ကတော့ Rescue Ink ပဲ ဖြစ်ပါတယ်။
တိရစ္ဆာန်ချစ်သူအများစုက သူတို့ကို စူပါဟီးရိုးတွေလို့ ခေါ်ဝေါ်ကြပြီး သူတို့ဟာ စူပါတိရစ္ဆာန်ချစ်မြတ်နိုးသူတွေ ဖြစ်တယ်လို့ ဒီအဖွဲ့ကို ထောက်ခံအားပေးသူတွေက အင်တာဗျူးတခုမှာ ဖြေဆိုသွားခဲ့ပါတယ်။ သူတို့အဖွဲ့အနေနဲ့ ဒီလိုကယ်ဆယ်ရေးမျိုးကို ပြုလုပ်ခဲ့တာဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး သူတို့အတွက် ခက်ခဲတဲ့စိန်ခေါ်မှုတွေကလည်း ရှိနေဆဲပါ။
သူတို့ရဲ့ Rescue Ink အဖွဲ့ကို ကမ္ဘာအနှံ့ကနေ တနေ့မှာ ပျမ်းမျှအားဖြင့် မေးလ်ပေါင်း ၁၀၀၀ ကနေ ၃၀၀၀၊ ဖုန်းခေါ်ဆိုမှုပေါင်း ၂၅၀ အထိ ဆက်သွယ်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာဆိုရင် ခွေးနဲ့ကြောင်တွေအပြင် မြင်း၊ ကြက်၊ ဝက်၊ ငါးနဲ့ ၅ ပေအရှည်ရှိတဲ့ စပါးကြီးမြွေတကောင်ကိုပါ ကယ်ဆယ်နိုင်ခဲ့ ပါတယ်။
The New York Times နဲ့အင်တာဗျူးတခုမှာတော့ Rescue Ink အဖွဲ့သားတွေဟာ သူတို့ကြုံတွေ့ခဲ့ရတဲ့ အခြေအနေအမျိုးမျိုးကို အခုလိုပဲ ပြန်လည်ပြောပြသွားခဲ့ပါတယ်။
“တချို့ပိုင်ရှင်တွေဟာ သူတို့ဆေးသုံးဖို့အတွက် ခွေးလေးတွေကို ရောင်းချခဲ့တာရှိသလို တချို့ကျတော့လည်း တရားမဝင်ခွေးတိုက်ပွဲအတွက် ခွေးတွေကို မွေးထားကြတာပါ။ တချို့သူတွေဆိုရင် သူတို့အိမ်အနီးအနားမှာ နေထိုင်တဲ့ အိမ်ရာမဲ့ကြောင်တွေကို အဆိပ်ခတ်သတ်တဲ့အထိ တိရစ္ဆာန်ညှင်းပန်းသတ်ဖြတ်မှုကို လုပ်ဆောင်ကြတာပါ” လို့ိ ဖြေကြားသွားခဲ့ပါတယ်။
Rescue Ink အဖွဲ့ဟာ အခုလို ညှင်းပန်းနှိပ်စက်မှုတွေကို လိုက်လံစုံစမ်းဖော်ထုတ်ပြီး နီးစပ်ရာရဲဌာနတွေကို အကြောင်းကြားလေ့ရှိပါတယ်။ ဒါ့အပြင် ဆိုင်ကယ်တွေနဲ့ တနိုင်ငံလုံးကို လှည့်ပတ်သွားလာကာ ဆယ်ကျော်သက်တွေနဲ့ ကလေးငယ်တွေကို တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်တဲ့ အသိပညာတွေကို မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။
Rescue Ink တဖွဲ့လုံးရဲ့ ယုံကြည်မှုကတော့ အစပထမဆုံးမှာ လူတွေဟာ တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်ရာကနေ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကိုပါ နှိပ်စက်ဖို့ အကြောက်အရွံ့ရှိတော့မှာ မဟုတ်ကြောင်း ဒီအတွက်ကြောင့်ပဲ သူတို့အားလုံးဟာ အခုလို ညှင်းပန်းနှိပ်စက်မှုတွေကို တတ်နိုင်သလောက် ကာကွယ်နေရတာ ဖြစ်ကြောင်း အင်တာဗျူးမှာ ဆက်လက်ပြောကြားသွားခဲ့ပါတယ်။
Ref. brightside.me