ဆေးပညာရှင်တွေရဲ့ သုတေသန ပြုလုပ်ချက်တွေအရ တပတ်မှာ ၅၅ နာရီခန့် အလုပ်လုပ်သူတွေဟာ သာမန်လူတွေထက်ပိုပြီး လေဖြတ်နိုင်ခြေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းများပြီး အသက်တိုနိုင်ကြတယ်လို့ ဆိုပါတယ်။ လူပေါင်း ၆၀၀,၀၀၀ ခန့်ကို သုတေသန စစ်တမ်းကောက်ကာ ပြုလုပ်ခဲ့တဲ့ ဒီသုတေသန ပြုလုပ်မှုမှာတော့ ယူကေနိုင်ငံနဲ့ သြစတြေးလျနိုင်ငံက ဆေးပညာရှင်တွေနဲ့ သုတေသီတွေ ပါဝင်ခဲ့ကြတာပါ။
လူတယောက်အတွက် နေ့စဉ်ပျမ်းမျှအလုပ်ချိန်ဟာ ၈ နာရီလို့ သတ်မှတ်ထားကြတာဖြစ်ပြီး တနေ့ကို ၈ နာရီထက် ပိုပြီး အလုပ်လုပ်သူတွေနဲ့ အလုပ်အချိန်ပို ဆင်းရသူတွေဟာ ကျန်းမာရေးထိခိုက်ကာ အသက်တိုနိုင်ခြေများတယ်လို့ လေ့လာသူတွေက အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီသုတေသနမှာ ပါဝင်ခဲ့တဲ့ Professor Stephen Kopecky ကတော့ “အခုလေ့လာ အတည်ပြုခဲ့တဲ့ အလုပ်လုပ်ချိန်များသူတွေဟာ အသက်တိုနိုင်ခြေရှိတယ်လို့ အတည်ပြုမှုဟာ မျိုးရိုးထဲမှာ နာတာရှည်ရောဂါ ခံစားနေရတာ ရှိ၊ မရှိ၊ သူ့ရဲ့စားသောက်နေထိုင်မှုပုံစံနဲ့ သွေးဖိအားအခြေအနေ စတာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ပုံသေတခုအားဖြင့် အလုပ်ချိန်များသူတွေဟာ အသေစောနိုင်တယ်လို့ လံုံးဝ အတပ်မပြောနိုင်ပေမယ့် လေ့လာမှုတွေအရတော့ အလုပ်လုပ်ချိန်များသူတွေဟာ အခုဖော်ပြပေးမယ့် ရောဂါ လက္ခဏာတွေ ခံစားနေရရင်တော့ သတိပြုသင့်နေပါပြီ” လို့ ဆိုပါတယ်။
(၁) အိပ်ချိန် ထိခိုက်ခြင်း
အလုပ်လုပ်ချိန်များခြင်းကြောင့် ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေဟာ မညီမမျှ ဖြစ်လာပြီး အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၂) စိတ်ဖိစီးမှု များခြင်း
အလုပ်လုပ်ချိန်များခြင်းဟာ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် အလုပ်ကို တနေ့မှာ ၈ နာရီထက် ပိုပြီး အလုပ် မလုပ်သင့်ပါဘူး။
(၃) အဝလွန်ခြင်း
အလုပ်လုပ်ချိန် များခြင်းကြောင့် အိပ်ရေးမဝခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းတို့ ဖြစ်ပေါ်စေပြီး အဝလွန်ခြင်းကိုလည်း ဖြစ်ပေါ်စေနိင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အဆီအဆိမ့်နဲ့ အချိုဓာတ် များလွန်းတဲ့ အစားအစာတွေကို ခန္ဓာကိုယ်က ပိုမိုတောင့်တာတာကြောင့် အဝလွန်ခြင်းကို ဖြစ်ပေါ်စေတာပါ။
Ref. fortune.com