ကလေးတွေဟာ သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲက အရာတွေကို ဆေးရောင်စုံတွေ ဒါမှမဟုတ် ခဲတံတွေအသုံးပြုပြီး ရုပ်ပုံတွေကို ပြန်လည်ရေးဆွဲလေ့ ရှိကြပါတယ်။ တချို့သော မိဘတွေဟာဆိုရင် သူတို့ကလေးငယ်တွေ ရေးဆွဲထားတဲ့ ရုပ်ပုံတွေကို ရေခဲသေတ္တာနဲ့ နံရံတွေမှာ ကပ်ကာ အသိအမှတ်ပြု ဂုဏ်ယူကြတာပါ။
ဆန်းသစ်ပြောင်းလဲမှုတွေနဲ့ တိုးတက်လာတဲ့ အခုလိုအချိန်မှာတော့ ကလေးငယ်တွေ သူတို့စိတ်ကူးအတိုင်း ရေးဆွဲထားတဲ့ ချစ်စရာရုပ်ပုံတွေကို ကစားစရာ အရုပ်တွေအဖြစ် ပြန်လည်ဖန်တီးထုတ်လုပ်တဲ့ ကုမ္ပဏီတခုအကြောင်းကို ပြန်လည်မျှဝေပေးချင်ပါတယ်။
Budsies ကုမ္ပဏီကို ၂၀၁၃ ခုနှစ်မှာ Alex Furmansky က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သူ့ညီမငယ် ရေးဆွဲထားတဲ့ ရုပ်ပုံတွေကနေတဆင့် အခုလို အကြံဉာဏ် ရရှိခဲ့တာပါ။ Alex ဟာ သူ့ညီမငယ်Michelle ရေးဆွဲထားတဲ့ ထူးခြားဆန်းပြားတဲ့ ရုပ်ပုံတွေကို ကြည့်ရင်း သူသာ ဒီရုပ်ပုံတွေကို အရုပ်တွေအဖြစ် ပြန်လည်ထုတ်လုပ်နိုင်ခဲ့ရင် ကြာရှည်ပိုခံမှာပဲဆိုတာကို တွေးမိခဲ့တာ ဖြစ်ပါတယ်။
သူပထမဆုံး ထုတ်လုပ်ခဲ့တဲ့ အရုပ်ကတော့ သူ့ညီမရဲ့ခွေးကလေးနဲ့ ဆင်တူတဲ့ သတ္တဝါတကောင် အရုပ်ဖြစ်ပြီး Dongler လို့ အမည်ပေးထားတာလည်း ဖြစ်ပါတယ်။
“ကုမ္ပဏီရဲ့အစပိုင်းနှစ်တွေမှာ လက်ခံရရှိတဲ့ အမှာတွေကတော့ ကလေးတွေဆွဲထားတဲ့ ရုပ်ပုံတွေကို အရုပ်အဖြစ် ပြန်လည်ထုတ်လုပ်ဖို့ပါပဲ။ အခုနောက်ပိုင်းမှာတော့ ကလေးတွေဆွဲထားတဲ့ ရုပ်ပုံတွေအပြင် တခြားဇာတ်ကောင်ပုံ အရုပ်တွေ၊ အားကစားအသင်းတွေအတွက် လာဘ်ကောင် အရုပ်တွေပါ အမှာတွေ ဆက်တိုက်လက်ခံရရှိနေပါပြီ။ ဒီစိတ်ကူးဟာ တကယ်လည်း အဆုံးမဲ့သလို Budsies ကို တခြားကုမ္ပဏီတွေထက် ထူးခြားစေခဲ့တာပါ” လို့ တာဝန်ရှိသူ Melissa က အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။
ကုမ္ပဏီမှတ်တမ်းတွေအရ ၂၀၁၃ ခုနှစ်ကတည်းက အရုပ်ပေါင်း ၇ သောင်း ၆ ထောင်ကျော်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်ကနေ အမှာတွေ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ အရုပ်တွေ ပြုလုပ်ဖန်တီးမှုရဲ့ ကုန်ကျစရိတ်ကတော့ လိုချင်တဲ့ အရွယ်အစားနဲ့ အသေးစိတ်အချက်အလက်တွေအပေါ် မူတည်နေတာဖြစ်ပြီး မှာယူသူ စိတ်ကြိုက်အတိုင်း ပိတ်သားတွေနဲ့ ပုံဖော်ပေးနေတာပါ။
ဆက်လက်ပြီး Melissa ကနေပဲ “ကျမတို့ ကုမ္ပဏီရဲ့ နောက်ထပ်အစီအစဉ်တခုကတော့ ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ အဖွဲ့တွေကို Budsies ရဲ့အရုပ်တွေ အခမဲ့ထောက်ပံ့ပေးဖို့ဖြစ်ပြီး သူတို့ဆီကနေတဆင့် ကလေးငယ်တွေကို ပေးနိုင်ဖို့ပါ။ သူတို့လေးတွေအနားမှာ အမြဲရှိနေနိုင်ပြီး ဖက်လို့ကောင်းမယ့် အရွယ်အစားမျိုးနဲ့ပေါ့။ ပုံဆွဲပြီး ဆုံးပါးသွားခဲ့ရတဲ့ ကလေးငယ်တွေအတွက်တော့ သူတို့ရဲ့မိသားစုဝင်တွေဆီ အရုပ်ကိုပေးအပ်လိုက်ဖို့ပါပဲ” လို့ ဖြေကြားသွားခဲ့ပါတယ်။
Ref. www.boredpanda.com