ယနေ့မှာ ကျရောက်တဲ့ ၄၉ ကြိမ်မြောက် ကမ္ဘာမြေနေ့
ဒီနေ့ ဧပြီလ ၂၂ ရက်နေ့ဟာ ကမ္ဘာမြေနေ့ပါ။ ဒီအခမ်းအနားကို ၁၉၇၀ ပြည့်နှစ်ကတည်းက စတင် ကျင်းပလာခဲ့တာ အခုဆိုရင်တော့ ၄၉ နှစ် ရှိခဲ့ပါပြီ။ ၂၀၁၉ ခုနှစ် ကမ္ဘာမြေနေ့အတွက် ဆောင်ပုဒ်ကတော့ “ကျွန်ုပ်တို့ရဲ့ သက်ရှိ မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်ကြပါစို့” ဆိုတာပါပဲ။
ဧပြီလ ၂၂ ရက်နေ့ရောက်တိုင်း ၁ ဘီလီယံလောက် ရှိတဲ့လူတွေဟာ ကမ္ဘာတဝှမ်း သစ်ပင်စိုက်ပျိုးတာတွေ၊ ကိုယ့်ရပ်ကိုယ့်ရွာကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်တာတွေအပြင် သဘာဝပတ်ဝန်းကျင်ကို ထပ်မံ မဖျက်ဆီးကြဖို့ အသနားခံစာတွေမှာ စုပေါင်းလက်မှတ်ရေးထိုးတာတွေ ပြုလုပ်လေ့ ရှိပါတယ်။ ဒီစိတ်ကူးကို ပထမဆုံးရရှိခဲ့တဲ့လူကတော့ အမေရိကန်ပြည်ထောင်စုရဲ့ အထက်လွတ်တော်အမတ် တယောက်ဖြစ်တဲ့ Gaylord Nelson ဆိုသူပါ။
စိတ်ကူး စတင်ရရှိပုံကတော့ ၁၉၆၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ စန်တာဘာဘရာ ရေနံယို ဖိတ်မှုကြောင့်ပါ။ ဒီရေနံယိုဖိတ်မှုက ကယ်လီဖိုးနီးယားကမ်းလွန် အတွင်းမှာရှိတဲ့ ငှက်ပေါင်း ၃၅၀၀ ကျော်ကို သေကြေပျက်စီးစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို မြင်ရပြီးတဲ့နောက်မှာတော့ ကမ္ဘာမြေအတွင်းမှာရှိတဲ့ သက်ရှိမျိုးစိတ် တွေကိုကာကွယ်စောင့်ရှောက်ဖို့ Gaylord Nelson က စိတ်ကူးရရှိခဲ့ပါတယ်။
ပထမဆုံး ကမ္ဘာမြေနေ့ကိုတော့ ၁၉၇၀ ပြည့်နှစ်၊ ဧပြီ ၂၂ ရက်နေ့မှာ စတင်ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကိုတော့ အမေရိကန်ပြည်ထောင်စုမှာ စတင်ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံသား ၂၂ သန်း တက်ရောက်ခဲ့တယ်လို့ မှတ်တမ်း တင်ထားပါတယ်။ ဒီလူတွေအားလုံးဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ဖျက်လို ဖျက်ဆီးပြုလုပ်ကြသူတွေက ဆန့်ကျင်ရေးသမားတွေပါပဲ။
ဒီအဖြစ်ကနေစတင်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ ဆိုတာ ပေါ်ပေါက်လာခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတွေကိုလည်း ပြဌာန်းနိုင်ခဲ့ပါတယ်။ အခုကျရောက်တဲ့ ၄၉ နှစ်မြောက် ကမ္ဘာမြေနေ့ကိုတော့ နိုင်ငံပေါင်း ၁၉၀ မှာ ကျင်းပဖို့ရှိပါတယ်။
ကမ္ဘာမြေနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရာသီဥတု ပြောင်းလဲလာမှု၊ သစ်တောပြုန်းတီးမှု၊ လေထုညစ်ညမ်းမှုနဲ့ နှစ်စဉ်နှစ်တိုင်း အသတ်ခံနေရတဲ့ တိရစ္ဆာန်မျိုးစိတ် ပျက်သုဉ်းမှုတွေကို ကာကွယ်နိုင်ဖို့အတွက်ပါ။
၂၀၁၈ ခုနှစ်မှာဆိုရင်လည်း ဆူဒန်နိုင်ငံမှာရှိတဲ့ အဖြူရောင် ကြံ့မျိုးစိတ်က လုံးဝ ပျက်သုဉ်းသွားခဲ့ရသလို ငှက်မျိုးစိတ် ၃ စိတ်လည်း လုံးဝကွယ်ပျောက် သွားခဲ့ရပါတယ်။ ကမ္ဘာမြေနေ့ကို ဦးဆောင်နေတဲ့ ကမ္ဘာမြေနေ့ ကွန်ရက်ကြီးရဲ့ အပြောအရဆိုရင်တော့ ငှက်မျိုးစိတ်ပေါင်း ၁၁၀၀၀ ရှိရာမှာ ၄၀ ရာခိုင်နှုန်းဟာ လုံးဝကွယ်ပျောက်သွားခဲ့ရပြီဖြစ်သလို ကမ္ဘာနဲ့တဝှမ်းမှာဆိုရင်လည်း သန္တာကျောက်တန်း ပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကလည်းပျက်စီးသွားခဲ့ပြီလို့ ဆိုပါတယ်။
ကမ္ဘာမြေနေ့ကို နောက်ထပ်ကျင်းပတဲ့ နေရာတွေလည်း ရှိပါသေးတယ်။ အဲဒီနေရာတွေကတော့ နယူးဇီလန်မြောက်ပိုင်းမှာရှိတဲ့ Auckland မြို့မှာရှိတဲ့ St.Andrew ရဲ့ အင်္ဂလီကန် ဘုရားရှိခိုးကျောင်း ဖြစ်ပြီး ဧပြီ ၂၇ နေ့မှာကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာဆိုရင်တော့ ကလေးတွေကစားဖို့ ဂိမ်းအစီအစဉ်တွေအပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့လျှော့ချဖို့နဲ့ ရာသီဥတုပြောင်းလဲလာမှု အကြောင်းတွေကို ဆွေးနွေးကြမှာပဲဖြစ်ပါတယ်။
နောက်ထပ် ကျင်းပမယ့်မြို့ကလည်း နယူးဇီလန်နိုင်ငံရဲ့ Blenheim မြို့မှာဖြစ်ပြီး ဧပရယ် ၂၈ ရက်နေ့ မှာ ကျင်းပပါလိမ့်မယ်။ ဒီအခမ်းအနားမှာဆိုရင်တော့ မိသားစု ပျော်ပွဲစား အစီအစဉ်လည်း ပါဝင်ပါလိမ့်မယ်။
ကမ္ဘာမြေနေ့ကို ကျင်းပလာတဲ့ ကမ္ဘာမြေကွန်ရက်ကနေ ၂၀၁၉ ခုနှစ်အတွက် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ မျိုးစိတ်တွေကို ကာကွယ်ဖို့ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ဖို့ စတဲ့ လုပ်ရပ် တွေနဲ့ ဆိုင်တဲ့ အစီရင်ခံစာတွေကိုလည်း ထုတ်ပေးနေပါတယ်။
အဲဒီ အစီရင်ခံစာတွေထဲမှာဆိုရင်တော့ သန္တာကျောက်တန်းတွေကို ကာကွယ်ဖို့၊ ပင်လယ်ကမ်းခြေတွေကို သန့်ရှင်းရေးပြုလုပ်ဖို့ ပလတ်စတစ်လျှော့ချဖို့နဲ့ စွန့်ပစ် အမှိုက်တွေလျှော့ချဖို့ စတဲ့လုပ်ငန်းတွေ ပါဝင်ပါတယ်။ လူတွေကိုလည်း သစ်ပင်စိုက်ပျိုးဖို့ ပြန်လည်အသုံးပြုနိုင်တဲ့ အိတ်တွေကိုသာ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဧပြီ ၂၂ ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ ကမ္ဘာမြေနေ့
Ref:stuff.co.nz