လှပတဲ့ ရေကန်တွေဟာလည်း ဆိုးဆိုးဝါးဝါး သရဲ ခြောက်တတ်တယ်ဆိုတဲ့ အယူအဆတွေ အများကြီး ရှိတာကို ကြားဖူးကြပါလိမ့်မယ်။ ရေက ခြောက်တာလား။ နေရာက ခြောက်တာလား စတဲ့ သို့လော သို့လော မေးခွန်းတွေနဲ့ အခုထိ အဖြေရှာမရဖြစ်နေတဲ့ ကမ္ဘာပေါ်က သရဲ အခြောက်ဆုံး ရေကန်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Devil’s Pool (သြစတြေးလျ)
သဘာဝအတိုင်း ရေကူးကန်ပုံံစံ ဖြစ်နေတဲ့ သြစတြေးလျနိုင်ငံရဲ့ Devil’s Pool ဟာ လှသလောက် သရဲခြောက်တယ် လို့ နာမည်ကြီးတဲ့ နေရာဖြစ်ပါတယ်။ ပုံပြင်တွေအရ ချစ်သူနဲ့ ခွဲခွာခြင်းကို ခံခဲ့ရတဲ့ အမျိုးသမီးတယောက်ဟာ ကိုယ့်ကိုယ်ကို ရေကန်ထဲမှာ အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသမီးဟာ အခုချိန်ထိ သူ့ချစ်သူကို ရှာဖွေနေဆဲ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၃၀အတွင်း အသက် ၁၆နှစ်အရွယ် အမျိုးသား ၂၀ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
(၂) Saco River (မိန်းပြည်နယ်)
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်မှာ ရှိတဲ့ Saco မြစ်ဟာလည်း သရဲ အခြောက်ကြမ်းတယ်လို့ သိရပါတယ်။ ရာဇဝင်အရတော့ ၁၆၇၅ ခုနှစ်မှာ အရက်မူးနေတဲ့ အင်္ဂလိပ်သင်္ဘောသားတွေဟာ မာလိန်မှုးဖြစ်တဲ့ Saco တို့မိသားစုနဲ့ အတူတူရှိနေပါတယ်။ အဲဒီ မာလိန်မှုးဟာ မူးမူးနဲ့ သူ့ရဲ့ ကလေးငယ်ကို ရေကူးနိုင်မလားဆိုတဲ့ လောင်းကြေးထပ်ပြီး နောက် ကလေးကို ရေထဲပစ်ချခဲ့တယ်လို့ သိရပါတယ်။ ကလေးဟာ ရေထဲမှာပဲ သေဆုံးသွားခဲ့ပြီး သရဲခြောက်တယ် ဆိုတဲ့ အယူအဆ စတင်ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။
(၃) Bride’s Pool (ဟောင်ကောင်)
ဟောင်ကောင်မှာရှိတဲ့ Bride’s Poolဟာ ရေတံခွန်ကနေ စီးကျလာတဲ့ ရေတွေကို ခံထားတဲ့ သဘာဝ ရေကန်တခု ဖြစ်ပါတယ်။ ဒေသခံတွေဟာ အဲဒီရေကန်မှာ တရုတ်ရိုးရာ မင်္ဂလာဆောင် ဝတ်စုံအနီကို ဝတ်ပြီး ခေါင်းဖီးနေတဲ့ သရဲမကို တွေ့လေ့ရှိတာကြောင့် Bride’s Pool လို့ အမည်ပေးခဲ့တယ်လို့ သိရပါတယ်။
(၄) Changi Beach (စင်ကာပူ)
ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန်တွေမှာ ဂျပန်တွေကို ဆန့်ကျင်တဲ့ စင်ကာပူနိုင်ငံသား အချို့ကို Changi Beach မှာ ကွပ်မျက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသားတွေဟာ အခုထိ သူတို့ရဲ့သေဆုံးခြင်းကို လက်ခံလိုစိတ်မရှိတဲ့ အတွက် ဝိဉာည်အဖြစ် ကျွန်းပေါ်မှာ သောင်တင်နေပြီး ညဘက်တွေဆို ငိုယိုသံ၊ အော်ဟစ်သံတွေကို ကြားရလေ့ရှိတယ်လို့ ဆိုပါတယ်။
Ref;rd.com