ဒီနှစ်နွေဟာ အရင်နှစ်တွေကထက် ပိုပြီး အပူလွန်ကဲတယ်လို့ ပြောနိုင်ပါတယ်။ ပူပြင်းလွန်းတဲ့ ရာသီမှာ သင့်အချစ်တော် ခွေးတွေ ကြောင်တွေကိုလည်း လျစ်လျူရှုထားလို့ မရပြန်ပါဘူး။ ဒါကြောင့် သူတို့တွေကို ဘယ်လို စောင့်ရှောက်သင့်တယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) ကားပေါ်မှာ မထားခဲ့ပါနဲ့
သင်က ပစ္စည်းတခုခုကို သွားဝယ်မယ် မကြာပါဘူး ဆိုပြီး ကားပေါ်မှာ မထားခဲ့ပါနဲ့။ ကားထဲက အပူချိန်ဟာ အပြင်က အပူချိန်ရဲ့ ၂ဆလောက်ရှိတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဒါကြောင့် အပြင်သွားမယ်ဆိုရင် သင့်အိမ်မွေးတိရစ္ဆာန်ကို အိမ်မှာ ထားခဲ့တာမျိုး ဒါမှမဟုတ် သူ့ကို ခေါ်သွားလို့ ရမယ့် နေရာမျိုးကိုပဲ သွားဖို့ တိုက်တွန်းချင်ပါတယ်။
(၂) သင့်အိမ်က အေးနေပါစေ
အဆင်ပြေမယ်ဆိုရင် လေအေးပေးစက် ဒါမှမဟုတ် ပန်ကာတွေကို ဖွင့်ထားသင့်ပါတယ်။ သင်အပြင်သွားမယ်ဆိုရင်တောင် သူတို့အတွက် အေးနေဖို့ လိုအပ်ပါတယ်။ နွေရာသီကို ရောက်လာတဲ့ အခါ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပုံမှန် မရနိုင်တာဖြစ်လို့ သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို အေးအေးမြမြ နေနိင်အောင် ပြုလုပ်နိုင်တဲ့ အခြားနည်းကတော့ မြေအိုးပဲ ဖြစ်ပါတယ်။ မြေအိုးကိုခွဲပြီး ဘေးပတ်ပတ်လည်ကို ရေစိုဝတ်နဲ့ ပတ်ထားတာမျိုးက သူတို့ကို အေးစေမှာ သေချာပါတယ်။ နောက်ပြီး သူတို့ ဆော့တဲ့ ပစ္စည်းတွေကို အအေးခံထားတာမျိုးတွေလည်း ပြုလုပ်နိုင်ပါသေးတယ်။
(၃) အပြင်ထွက်တာကို လျော့ပါ
သင့်ရဲ့ ခွေးလေးကို ခေါ်ပြီး လမ်းလျှောက်ထွက်တဲ့ အချိန်ကို လျော့ချဖို့ လိုအပ်ပါတယ်။ ရာသီဥတု ပူပြင်းလွန်းတာကြောင့် နေဝင်ခါနီးအချိန်လောက် လမ်းလျှောက်တာက အကောင်းဆုံးပါပဲ။ ချွေးထွက်လွယ်လို့ ချွေးဓာတ်ကို ပြန်လည်ဖြည့်ပေးမယ့် ဓာတ်ဆားနဲ့ ရေဘူးတို့ကို သင်တို့နှစ်ယောက်လုံးအတွက် ယူသွားဖို့ လိုပါတယ်။
(၄) မျက်စိအောက်က အပျောက်မခံပါနဲ့
ရာသီဥတုက ပြင်းလွန်းတဲ့ အတွက် ခွေးလေးတွေ ကြောင်လေးတွေဟာ သူတို့ကိုယ်သူတို့ အေးမြအောင် ရှာကြံပြီး နေကြပါတယ်။ အဲဒီအခါမှာ လူတွေ မသိခင် ရေထဲ ဆင်းလိုက်တာမျိုးတွေကို ပြုလုပ်တတ်ကြတဲ့ အတွက် အပူရှပ်တာနဲ့ အခြား ကျန်းမာရေး အန္တရာယ်တွေ ကျရောက်တတ်ပါတယ်။ ဒါကြောင့် သူတို့ကို မျက်စိအောက်က အပျောက်မခံဖို့ လိုပါတယ်။ ပြီးတော့ အန္တရာယ်များတဲ့ နေရာတွေကို မသွားနိုင်အောင် ကြိုတင်ကာကွယ်တာမျိုး ပြုလုပ်ထားသင့်ပါတယ်။
(၅) အမွေးတွေ ညှပ်ပေးပါ
သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်က အမွေးတွေ ထူထူပွပွနဲ့ လှတယ်ဆိုပေမယ့် နွေရာသီမှာတော့ အဲဒီအမွေးတွေက သူတို့ကို အရမ်းပူစေပါတယ်။ ဒါကြောင့် အမွေးတွေကို လုံးဝအပြောင်ရိတ်လိုက်တာမျိုးတော့ မလုပ်သင့်ပေမယ့် တော်ရုံတန်ရုံ ညှပ်ပေးဖို့ လိုအပ်ပါတယ်။ ဆောင်းရာသီမှာ အိမ်မွေးတိရစ္ဆာန်တွေကို နွေးအောင် ထားသလို နွေရာသီမှာလည်း အေးအောင်ထားပါ။
Ref; webmd