ယခုခေတ် လူသားတွေဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။ ဒါကြောင့်လည်း ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ နည်းမျိုးစုံ ကြံဆလာကြပါတယ်။
အခုလည်း တရုတ်နိုင်ငံဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို တနည်းတဖုံ ခံနိုင်ရည်ရှိအောင် “သစ်တောမြို့တော်”လို့ အမည်ပေးထားတဲ့ စီမံကိန်းတခုကို အကောင်အထည်ဖော် ဆောက်လုပ်နေပါတယ်။ တရုတ်နိုင်ငံလိုပဲ မလေးရှားနိုင်ငံကလည်း “သစ်တောမြို့တော်” စီမံကိန်းကို အကောင်အထည်ဖော် ဆောက်လုပ်နေပါတယ်။
တရုတ်နိုင်ငံကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့ ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်ကို ဆောက်လုပ်နေပြီး ဒီ သစ်တောမြို့တော်ကိုတော့ သစ်တောတွေ သစ်ပင်တွေက ဝန်းရံထားပါတယ်။
သစ်တောမြို့တော်ဟာ လူ ၃၀,၀၀၀ နေထိုင်နိုင်မှာဖြစ်သလို ဟိုတယ်တွေနဲ့အတူ ဆေးရုံ တရုံ၊ ကျောင်းတကျောင်းလည်း ပါဝင်ပါတယ်။ အဲဒီအရာတွေ အားလုံးကိုတော့ သစ်ပင်ပေါင်း ၄၀,၀၀၀ နဲ့ အခြားအပင်မျိုးစိတ်ပေါင်း ၁ သန်း လောက်က ဝန်းရံထားပါတယ်။
သစ်တောမြို့တော်မှာ စိုက်ပျိုးထားတဲ့ အပင်တွေက တနှစ်ကို ပျမ်းမျှ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၁၀,၀၀၀ နဲ့ လေထုညစ်ညမ်းမှု တန်ချိန် ၅၇ တန်ကို စုပ်ယူနိုင်မှာဖြစ်ပြီး အောက်ဆီဂျင် တန်ချိန် ၉၀၀ ကို ပြန်လည် ထုတ်လုပ်ပေးပါလိမ့်မယ်။
သစ်တောမြို့တော်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ၊ Liuzhou မြောက်ဘက်က တောတောင် ထူထပ်တဲ့ Guangxi ဒေသမှာ တည်ဆောက်ထားတာဖြစ်ပြီး ၁၇၅ ဟက်တာ (၄၃၁ ဒဿမ ၄၃၄ ဧက) အကျယ်အဝန်းရှိပါတယ်။ ဒီ သစ်တောမြို့တော် အတွင်းမှာဆိုရင်တော့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်သလို အနားယူ အပန်းဖြေလို့ရတဲ့ နေရာတွေကိုလည်း စီစဉ်ထားပါတယ်။
ဒီ သစ်တောမြို့တော် ဒီဇိုင်းကိုတော့ ဗိသုကာပညာရှင် Stefano Boeri Architetti က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး တာဝန်ယူထားတဲ့ ကုမ္ပဏီရဲ့ အပြောအရဆိုရင် သစ်တော်မြို့တော်ဟာ ဆူညံသံတွေကို လျှော့ချပေးနိုင်မှာဖြစ်သလို လေထုအပူချိန်ကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်ကတော့ ကျေးငှက် တိရစ္ဆာန်တွေနဲ့ သေးငယ်တဲ့ ဇီဝမျိုးကွဲ အမျိုးမျိုးကိုလည်း အထောက်အပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းကိုတော့ ၂၀၂၁ ခုနှစ်မှာ ပြီးဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။
Ref:dailymail